မိုးဗြဲ – ဇန်နဝါရီ ၂

ကရင်နီပြည်နယ်၊မိုးမြဲမြို့နယ် စက်တော်ရာကုန်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခမရ ၅၁၈ နဲ့ စစ်ကောင်စီတပ်စခန်း ၉ ခုကို ကရင်နီတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ထားနိုင် တာကြောင့် မြို့ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။

၁၁၁၁ စစ်ဆင်ရေးပြီးနောက် ဝါရီဆူပလိုင်မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ မဟာမိတ်တပ်ပေါင်းစုထံ လက်နက်ချအလင်းဝင်ရောက်ထားသလို လက်နက်မချလိုတဲ့ စစ်ကောင်စီတပ်သားတွေကတော့ စက်တော်ရာ တောင်ကုန်းမှာအခြေချထားတဲ့ ခမရ ၅၁၈နဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပြီး ၂၀ နီးပါးထွက်ပြေးလွတ်မြောက်ခဲ့ တယ်လို့သိရပြီး မဟာမိတ်တပ်ပေါင်းစုက ထွက်ပြေးနေသူတွေကို လိုက်လံချေမှုန်းချိန်မှာတော့ ၄ ဦးကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့သလို ကျန်တဲ့ ၁၆ ဦးက စစ်ကောင်စီ တပ်ရင်း ၄၂၂ ထဲ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ မိုးဗြဲမြို့ပေါ်က တပ်ရင်းတွေအားလုံးဟာ တပ်ရင်း ၄၂၂ မှာပဲ ခံစစ်ပြင်ထားတဲ့ အခြေအနေမှာရှိတယ်လို့ တပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ 

” မြို့တွင်းမှာရှိနေတဲ့ အဖွဲ့တွေ(စစ်ကောင်စီတပ်ဖွဲ့)တွေအားလုံးက ၄၂၂ မှာပဲ ပြန်စုလိုက်ကြ တယ်။သူတို့ကြောက်ကုန်ပြီလေ ပြေးကြတာ ရပ်ကွက်ကြားမှာနေကြတာတွေရှိတယ်။ မြို့ကြား မှာနေတဲ့ သူတို့အဖွဲ့တွေရှိတယ်။ အကုန်ပြေးကုန်တာ ဘေးကနေ ဝိုင်းလိုက်တာကို၊ဘေးကနေ ချေမှုန်းလိုက်တော့ မြို့တွင်းမှာလည်း မလုံခြုံတော့ဘူးဆိုပြီး သူတို့က ၄၂၂ ကိုခံစစ်လုပ်ပြီးတပ် စုလိုက်တာ အခုထိပါပဲ” လို့သူက ပြောပါတယ်။ 

ဒါ့အပြင် တပ်ပေါင်းစုအနေနဲ့ မိုးဗြဲအခြေစိုက် ခမရ ၅၁၈၊မိုးဗြဲမြို့တွင်းက ဝါရီဆူဖလိုင်၊ဒုန်းဒူ ထန်၊ပွဲကုန်း ၃၊ ပွဲကုန်း ၁၊ ညောင်ဝိုင်း၊ပီကင်းကောခူ၊ဆောင်ကန်းနဲ့ စည်ကား ကျေးရွာ/ရပ်ကွက် တွေမှာ တပ်စွဲထားတဲ့ စခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သလို တပ်ရင်း ၄၂၂ ကိုလည်း သိမ်း ပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သူက ပြောပါသေးတယ်။

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ တပ်ရင်း ၄၂၂ ဟာ လက်နက်ကြီးတွေနဲ့ မိုးဗြဲ မြို့ထဲကို နေ့စည်ပစ်ခတ်နေသလို မြေမြှုပ်မိုင်းထောင်ထားတာတွေကြောင့် ဒေသခံတွေ နေရပ်မ ပြန်ကြဖို့လည်း မဟာမိတ်တပ်ပေါင်းစုက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးဗြဲမြို့ပေါ်ကို ဒေသခံတချို့ပြန်လာခဲ့တာကြောင့် စစ်ကောင်စီထောင်ထား တဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့လို့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့တာပါ။ 

မိုးဗြဲဒေသဟာ စစ်ကောင်စီရဲ့ ရိက္ခာပို့လမ်းကြောင်းအတွက် အရေးပါသလို ရှမ်းပြည်နယ် တောင်ပိုင်းကနေ ကရင်နီပြည်နယ်အတွင်း စစ်ကူပို့တဲ့ လမ်းကြောင်းလည်းဖြစ်တာကြောင့် စစ်ကောင်စီအတွက် အရေးပါတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဟာ တပ်ရင်း ၄၂၂ ကို စစ်ကူရော ရိက္ခာပါ မပို့နိုင်တာတော့တဲ့ အခြေအနေကြောင့် မကြာခင်မှာ ရိက္ခာပြတ်လပ်မှုတွေရှိလာနိုင်တယ်လို့ သိရပြီး အဲဒီတပ်ရင်းကို တော်လှန်ရေး အဖွဲ့ တွေသိမ်းပိုက်နိုင်ပါက ကရင်နီပြည်နယ်ထဲမှာ ဒုတိယမြောက် စစ်ကောင်စီတပ်တွေမရှိတဲ့ မြို့ဖြစ် လာမှာဖြစ်ပါတယ်။

မိုးဗြဲတိုက်ပွဲတွေကို အလယ်ပိုင်းတိုင်း စစ်ဌာန၊ ရှမ်းတောင်စစ်ဒေသ (ခွဲ) ဗျူဟာ (၁)ရဲ့ ၁၀၀၁ (MB PDF-1)၊ ၁၀၀၂ (PK PDF-1)၊ ၁၀၀၄ (PKS PDF)၊ ၁၀၀၆ (PK PDF-2)၊ ၁၀၀၇ (MB PDF-2)၊ KNDF ဗျူဟာ (၁)ရဲ့ B-03၊ B-11နှင့် B-22၊ မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front U.R.F)၊ ဗျူဟာ (၂)ရဲ့ ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနဲ့ ၁၀၀၉ IPDF တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media (မိုးဗြဲမြို့အတွင်း စစ်ဆင်ရေးဆင်နွှဲနေတဲ့ တော်လှန်ရေးတပ်ပေါင်းစု) 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.