တနင်္သာရီ၊ ဇန်နဝါရီ ၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အတွင်း ဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက်တိုက်ခိုက်ခံရပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ ဗိုလ်ချုပ်ကြေးရုပ်အတွင်း ဂိတ်ချထားတဲ့ စရဖနဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ဗိုလ်ချုပ်ကြေးရုပ်ဂိတ်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ တနင်္သာရီ ပကဖ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ စစ်ဆေးတာတွေနဲ့ ငွေကြေးတောင်းခံမှုတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီ-ပကဖ တို့မှ ပြောက်ကျားစနစ်နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေး အခြေအနေအရ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေဟာ စစ်ကောင်စီတပ်နဲ့ နီးနီးကပ်ကပ် မနေကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ ဒေသတော်လှန်‌ရေးအင်အားစုတွေက အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာလည်း တနင်္သာရီမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Tanintharyi PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.