တိုကျို၊ ဇန်နဝါရီ ၂

ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနီဒါလေဆိပ်မှာ ခရီးသည်ရာနဲ့ချီ တင်ဆောင်လာတဲ့ ဂျပန်လေကြောင်းလိုင်း JAL လေယာဉ် တစ်စီးဟာ ငလျင်ဘေး ကူညီပေးနေတဲ့ ကမ်းခြေစောင့်တပ်လေယာဉ်နဲ့ တိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

JAL လေကြောင်းလိုင်း ခရီးစဉ် အမှတ် ၅၁၆ လေယာဉ်ဟာ ဂျပန်မြောက်ပိုင်း ဆာပိုရိုမြို့ကနေ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၇ မိနစ်မှာ ဟာနီဒါလေဆိပ်ဆီကို ဝင်ရောက်လာချိန်မှာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်အတွင်း အသက် ၂ နှစ်အောက် ကလေး ၈ ဦးအပါအဝင် ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ အားလုံးကို လေယာဉ်ကနေ ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။

ကမ်းခြေစောင့် လေယာဉ်ပေါ်မှာ လိုက်ပါသူ တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ကျန် ၅ ဦးကတော့ အခြေအနေ မသိရဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ် အသေးစိတ်နဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ JAL လေကြောင်းလိုင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောပါတယ်။

ခရီးသည်တင် လေယာဉ်ရွေ့နေတဲ့ အချိန်မှာ အကြီးအကျယ် မီးလောင်နေပုံကို သတင်းရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပြီး မီးသတ်သမားတွေက မီးငြိမ်းသတ်ဖို့ ကြိုးစားနေချိန်မှာ လေယာဉ်ပေါ်ကလူတွေ အရေးပေါ် ချောဆင် လှေကားတွေက တဆင့် ထွက်ပြေးကြတာကို မြင်တွေ့ရပါတယ်။

ဂျပန်ကမ်းခြေစောင့်တပ်လည်း ခရီးသည်တင် လေယာဉ်တစ်စီးနဲ့ ပြေးလမ်းပေါ်မှာ တိုက်မိခဲ့ကြောင်း အတည်ပြုထားပါတယ်။

ဂျပန်မှာ ရစ်ချ်တာ စကေး ၇ ဒဿမ ၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီနေတဲ့ ကန်းခြေစောင့်တပ်က လေယာဉ်ကို ခရီးသည်တင်လေယာဉ်က ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ခရီးသည်တင် လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ် အမှုထမ်း အားလုံးပေါင်း ၄၀၀ လောက် လိုက်ပါလာတယ်လို့ သိရပါတယ်။

Ref – CNN

Photo – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.