ဂန့်ဂေါ – ဇန်နဝါရီ ၂

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်ရဲစခန်းအချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့သူတွေကို စခန်းမှူးဆိုသူ အရက်မူးလာချိန်တိုင်း ရိုက်နှက်နေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီအချုပ်ခန်းမှာ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်ကိုဖမ်းဆီးထားပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး လှဝင်းဇော်က အရက်မူးလာချိန်တိုင်း အချုပ်ခန်းထဲကသူတွေကို အပြင်ထုတ်ပြီးရိုက်နှက်နေ တာပါ။ 

“စုစုပေါင်း အချုပ်သား ရှစ်ဆယ်ကျော်မှာ ခြောက်ဆယ်လောက်က နိုင်ကျဉ်းတွေဖြစ်ပါတယ်။ မူးလာတဲ့အချိန်မထင်ရင်မထင်သလို ထုတ်ပြီးရိုက်တယ်။ နိုင်ကျဉ်းတွေအားလုံးက လူ့အခွင့် ရေးချိုးဖောက်ခံရတာတွေရှိတယ်။” လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါ တယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေကို မီတာခ၊သောက်ရေနဲ့ ရေချိုးဖို့ ကုန်ကျစရိတ်တွေ တောင်းခံ နေတာတွေရှိပြီး အိမ်နဲ့အဆက်အသွယ်မရဘဲ ကုန်ကျစရိတ်မပေးနိုင်သူတွေကို ပိုမိုရိုက်နှက်လေ့ ရှိတယ်လို့ သူက ပြောပါသေးတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ကန်ရွာနယ်မြေရဲစခန်းကို စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးပြီးနောက် ဂန့်ဂေါမြို့နယ်ရဲစခန်းကို PDF တပ်ဖွဲ့တွေလာရောက်တိုက်ခိုက် ပါက နိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်ပြစ်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ 

နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နေတဲ့ စခန်းမှူးဖြစ်သူ ဒုရဲမှူး လှဝင်းဇော်ဟာ မန္တလေးမြို့ ဇာတိဖြစ်ပြီး ဂန့်ဂေါမြို့နယ်ရဲစခန်းမှာ ၁ နှစ်ကျော်တာဝန်ထမ်းဆောင်ထားသူဖြစ်ကာ သူဟာ ဂန့်ဂေါမြို့နယ် တရားသူကြီးနဲ့ ဆွေမျိုးမကင်းသူဖြစ်တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ဖမ်းဆီးခံထားရသူ ၁၅၀ ဝန်းကျင်ရှိနေပြီး လက်ရှိချုပ်နှောင်ခံထားရသူ ၆၀ ကျော်ရှိကာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကလည်း ဖမ်းဆီးခံထား ရတဲ့ နိုင်ငံရေးအကျည်းသား ၃ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း ထောင်တွင်း ဥပဒေမဲ့ သတ်ဖြတ်ခံရ တဲ့ နိုင်ငံအကျဉ်းသား ၁၈ ဦးအထိရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ရဲ့ နှစ်ကုန်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ စတင်ဖမ်းဆီးခံရချိန်၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေမှာ လူ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေကြရတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.