ပြုံယမ်း၊ဇန်နဝါရီ ၂

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံဖို့ လုပ်ဆောင်လာပါက အပြင်းထန်ဆုံး အင်အားနဲ့ တုံ့ပြန်တိုက်ခိုက်ဖို့ စစ်တပ်ထိပ်တန်းအရာရှိတွေကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ညွှန်ကြားထားတယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားရဲ့ စံချိန်တင်လက်နက်စမ်းသပ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကာကွယ်ရေးအစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေလို့ ခေါင်းဆောင်ကင် ပြောပါတယ်။

နှစ်သစ်ကူးအကြိုနေ့က မြောက်ကိုရီးယားထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ ကင်ဂျုံအန်က စစ်တပ်အနေနဲ့ ရန်စခံရရင် ရန်သူကို အပြတ်ချေမှုန်းပစ်သင့်တယ်လို့ ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာဖြစ်တဲ့ KCNA မှာဖော်ပြထားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ရန်သူတွေက စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံဖို့ လုပ်လာခဲ့ပါက နိုင်ငံရဲ့ ရှိသမျှအင်အားနဲ့ အပြတ်ချေမှုန်းဖို့လည်း သူက ပြောခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ အချိန်မရွေးဖြစ်ပွားလာနိုင်တဲ့ စစ်ပွဲအတွက် မိမိတို့စစ်တပ်ရဲ့ လက်နက်တိုက်တွေ အသင့်ရှိနေဖို့နဲ့ တောင်ကိုရီးယားကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်ဖို့ မြောက်ကိုရီးယားရဲ့ နှစ်ကုန်ပါတီအစည်းအဝေးမှာ ဆိုခဲ့တာပါ။

နှစ်သစ်အတွက် မူဝါဒအသစ်တွေချမှတ်ခဲ့တဲ့ အဲဒီအစည်းအဝေးမှာ ကင်ဂျုံအန်က အမေရိကန်ဟာ ပုံစံအမျိုးမျိုးနဲ့ စစ်ရေးခြိမ်းခြောက်မှုတွေလုပ်နေတယ်လို့စွပ်စွဲထားသလို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ လုပ်ရပ်တွေကြောင့် ပြန်လည်ပေါင်းစည်းဖို့ လုံးဝမဖြစ်နိုင်တော့ဘဲ ထိန်းချုပ်မရနိုင်တဲ့ ပြဿနာဖြစ်နေပြီလို့ ပြောပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုကတော့ ပထမနှစ်ဝက်မှာ အမေရိကန်နဲ့အတူလုပ်ဆောင်မယ့် ကာကွယ်ရေးစနစ်တွေနဲ့ မြောက်ကိုရီးယားအန္တရာယ်ကို တားဆီးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က မြောက်ကိုရီးယားရဲ့ ပထမဆုံးနျူကလီးယားစမ်းသပ်မှု ပြုလုပ်ပြီး နောက် ကုလသမဂ္ဂက ထပ်မံမလုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က ထောက်လှမ်းရေး ဂြိုလ်တုကိုလွှတ်တင်ထားခဲ့သလို တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကိုလည်း စမ်းသပ်တာတွေ အပြင် စစ်လက်နက်စမ်းသပ်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.