လောင်းလုံး၊ ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စပ်ပြဲနဲ့လေးသွန်းခံရွာကို မီးရှို့ဖျက်ဆီးထားတာကြောင့် ကနဦးမှာနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ကညုံကျွန်းကျေးရွာကနေ စပ်ပြဲနဲ့လေးသွန်းခံကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေ သခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

မီးမရှို့ခင် စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီးနောက် ရွှေ၊ငွေနဲ့ ဆိုင်ကယ်တွေအပါအဝင် တန်ဖိုးရှိပစ္စည်းတွေကို အတင်းအဓမ္မယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် မီးရှို့ခဲ့တာကြောင့်ကနဦးမှာ စပ်ပြဲကျေးရွာက နေအိမ် ၂ လုံး၊ လေးသွန်းခံကျေးရွာက နေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးထားပြီး ဒေသခံတွေကတော့ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကစလို့ ကုန်းလမ်းရေလမ်း နှစ်ခုပေါင်းပြီး လောင်းလုံးမြို့အရှေ့ဘက်ခြမ်းက ဝေဒီ၊ ကညုံကျွန်း၊ စစ်ပြဲနဲ့ လေးသွန်းခံကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ ၅ ရွာထက်မနည်း ထွက်ပြေးတိမ်း ရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေအနေနဲ့ လုံခြုံရေးအထူးဂရုစိုက်ကြဖို့နဲ့ တန်ဖိုးရှိပစ္စည်းတွေကို လုံလုံခြုံခြုံသိမ်းဆည်းထားကြဖို့ မေတ္တာရပ်ခံထားပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ ISP – Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းက နေအိမ် ၈၆၀၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ပြီးခဲ့တဲ့ စက်တင်ဘာနှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.