ကော့ကရိတ်၊ ဒီဇင်ဘာ ၃၀
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ထံကို တရားဝင်လာရောက်လာပူးပေါင်းခဲ့တဲ့ ဗိုလ်အယ်စေးဝါးရဲ့ Lion Battalion Commando စစ်ကြောင်းကို စည်းမျဉ်းစည်း ကမ်းချက်တွေနဲ့အညီ လမ်းညွှန်ကြီးကြပ်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေး တိုက်ပွဲဝင်နိုင်ဖို့ တာဝန်တွေပေးအပ်သွားမယ်လို့ တပ်မဟာ ၆ ဌာနချုပ်က ဒီဇင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၆ ရဲ့ ကွပ်ကဲမှုအောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ကတည်းက တရားဝင်ကူးပြောင်းလိုက်တာဖြစ်ပြီး ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးတာဝန်တွေကို KNLA တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့အညီ အာဏာရှင်စနစ်ကျရှုံးရေးပူးပေါင်း တပ်ဖွဲ့တွေနဲ့အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
အခုလို လာရောက်ပူးပေါင်းမှုကို KNLA တပ်မဟာ ၆ အနေနဲ့ နိုဝင်ဘာလ ၆ ရက်နေ့က တရားဝင်လက်ခံလိုက်ပြီဖြစ်ပြီး KNLA တပ်မတော်သားတွေ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်လက်လမ်းညွှန်ကြီးကြပ်သွားမယ်လို့ တပ်မဟာ ၆ ဗျူဟာမှူး စောနယ်ဒါးထူး လက် မှတ်ထိုးထားတဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ် လုံးဝပျက်သုဉ်းဖို့ ဒီမိုကရေစီအခြေခံပေါ်မှာ တည် ဆောက်မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့အတွက် အခြားသောတပ်ဖွဲ့ဝင်တွေကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အတူတကွ လာရောက်ပူးပေါင်းပြီး တိုက်ပွဲဝင်ကြဖို့ တပ်မဟာ ၆ ဗျူဟာမှူး စောနယ်ဒါးထူးက တိုက်တွန်းထုတ်ပြန်ထားပါတယ်။
Lion Battalion Commando စစ်ကြောင်းဟာ အရင်က စောနယ်ဒါးမြဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ကော်သူးလေအာမီ KTLA ရဲ့ လက်အောက်ခံ စစ်ကြောင်းတစ်ခုဖြစ်ပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အ တွင်းက တိုက်ပွဲတွေမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ လက်တွဲကာ ပူးပေါင်းတိုက်ခိုက်နေတဲ့ စစ်ကြောင်တစ်ကြောင်းလည်းဖြစ်တာပါ။
KTLA လက်အောက်ကနေ KNLA ကွပ်ကဲမှုအောက်ကို Lion Battalion Commando စစ်ကြောင်းအနေနဲ့ တရားဝင်ကူးပြောင်း တာဝန်ထမ်းဆောင်လိုက်တာနဲ့ ပတ်သက်ပြီး လာမယ့်ရက်ပိုင်းတွေထဲ ဗိုလ်အယ်စေးဝါးကိုယ်တိုင် ရှင်းလင်းဖြေဆိုသွားမှာဖြစ်တဲ့အကြောင်း Lion Battalion Commando စစ်ကြောင်းရဲ့ တာဝန်ခံ ရဲဘော်တစ်ဦးက အသိပေးပြောဆိုထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း အခုလိုဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်း KNLA ထံ လာရောက်ပူးပေါင်းလာတဲ့အပေါ် ဝမ်းပန်းတသာကြိုဆိုကြောင်းနဲ့ ရှေ့ဆက်ပြီးတော့လည်း အခုထက်ပိုပြီးတော့ အား ကောင်းကောင်းနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ အများကြီးလိုအပ်တယ်လို့ ပြောဆိုထားပါတယ်။
အခုနှစ် ဧပြီလကလည်း စောနယ်ဒါးမြရဲ့ KTLA လက်အောက်ခံ ဗီနွန်-Venom စစ်ကြောင်းတစ်ကြောင်းလုံးဟာ KNU တပ်မဟာ ၆ ဦးဆောင်မှုအောက်က ကော်ဘရာစစ်ကြောင်းထံ သွားရောက်ပူးပေါင်းခဲ့ပြီး ပူးပေါင်းမှုအတွင်း ဗီနွန်စစ်ကြောင်းကို ကော်ဘရာစစ်ကြောင်း-၂ အဖြစ် ပြောင်းလဲဖွဲ့စည်းသွားခဲ့ပါတယ်။
စောနယ်ဒါးမြဟာ အရင်က KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO ရဲ့ စစ်ဦးစီးချုပ်ဟောင်းတစ်ယောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ KNU ကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးတဲ့နောက်ပိုင်း ကော်သူးလေအာမီ-KTLA ကို ဖွဲ့စည်းတည်ထောင်လိုက်တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Lion Battalion