ကျိုက်မရော၊ ဒီဇင်ဘာ ၃၀

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ရဲ့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

အဲဒီတိုက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ချောင်းနှစ်ခွရဲစခန်းထံ စစ်ကောင်စီတပ်က စစ်ကူပေးဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့ ၂၉ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

ချောင်းနှစ်ခွနှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်သံတွေဟာ နားမခံနိုင်အောင် တစ်နေ့လုံးနီးပါးကြားခဲ့ရသလို မြေတွေပါတုန်ခါခဲ့ပြီး အဲဒီနေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲပြန်လည်ငြိမ်သက်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး သေဆုံးဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်သုံးလူနာတင်ယာဉ် ၂ စီး၊ ၆ ဘီးယာဉ် ၁ စီးနဲ့ မုဒုံဘက်သို့ လာရောက်တင်ဆောင်သွားတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ခံထားရတဲ့ ချောင်းနှစ်ခွရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဖော်ပြတာတွေရှိနေပြီး ထိ ခိုက်သေဆုံးမှုကိုတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ချောင်းနှစ်ခွတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) အပါအဝင် ပူးပေါင်းစစ်ကြောင်းတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

ချောင်းနှစ်ခွတိုက်ပွဲအတွင်း တပ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေ ရွာလုံး ကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတဲ့ မယ်တရိုကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေထဲ တန်ဖိုးရှိပစ္စည်းတွေကို ဝင်ရောက်ယူဆောင်ပြီး ၆ ဘီးကားနဲ့ တင်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူထံက သိရပါတယ်။

အချိန်တစ်လကျော်ကြာ ဖြစ်ပွားနေတဲ့ ချောင်းနှစ်ခွတိုက်ပွဲအတွင်း တပ်ရင်းမှူးဒုဗိုလ်မှူးကြီး မျိုးကို ကိုဝင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး သေဆုံးထားသလို လက်နက်ချအညံ့ခံသူ ၃၂ ဦး ရှိတယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲကြောင့် ကျိုက်မရောဒေသခံပြည်သူ နှစ်သောင်းကျော်ဟာ နီးစပ်တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.