ကော့ကရိတ်၊ ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ ၂ ပါးနဲ့ ကလေးတွေအပါအဝင် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့ပြီး နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကနေ သိရှိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်-တောင်ကြာအင်း-ကြာအင်းဆိပ်ကြီး ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စွဲနေထိုင်တဲ့ တောင်ကြာအင်းအထက်တန်းကျောင်းနဲ့ ရဲစခန်းတွေကို KNLA KNDO ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက အခုရက်ပိုင်းထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဒီဇင်ဘာ၂၇ ရက်နဲ့ ၂၈ ရက်နေ့ေတွမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ တောင်ကြာအင်းကျေးရွာက နေအိမ်တွေ မီးလောင်ထိခိုက်ပျက်စီးခဲ့တာပါ။

ဒီဇင်ဘာ ၂၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က တောင်ကြာအင်းရွာအနီးတစ်ဝိုက်ကို ရဟတ် ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ကလေးနဲ့ရဟန်းသံဃာတွေအပါအဝင် ၅ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်စွဲနေထိုင်တဲ့ တောင်ကြာအင်းကျေးရွာက စာသင်ကျောင်းနဲ့ တောင်ကြာအင်းရဲစ ခန်းတွေကို ဒီဇင်ဘာ၂၈ ရက်နေ့ ညပိုင်းမှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်နေသလို တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက် နက်ချအလင်းဝင်ရောက်တာတွေ ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

KNU တပ်မဟာ ၆ ကျုံဒိုးမြို့နယ် အုပ်ချုပ်နယ်မြေထဲမှာရှိတဲ့ တောင်ကြာအင်းကျေးရွာဟာ ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အနောက်တောင်ဘက် ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-မုဒုံကားလမ်းမပေါ်မှာ တည်ရှိတဲ့ရွာတစ်ရွာဖြစ်ပြီး ကော့ကရိတ်မြို့အနီးရှိ စစ်ကောင်စီတပ်စကခ-၁၂ ဌာနချုပ်နဲ့လည်း သိပ်မဝေးဘူးလို့ သိရပါတယ်။

ကော့ကရိတ်မြို့တွင်းထဲမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းဖြစ်တဲ့ သင်္ကန်းညီနောင်-ကော့ကရိတ် ကားလမ်းကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.