လောင်းလုံး၊ ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဟာ ဆေးရုံတက်ရောက်ကုသပြီး ၁၀ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က လူငယ်မောင်ကံရှိန်ဟာ မိသားစုနဲ့အတူ ထားဝယ်မြို့ကနေ ဂေါ့အင်းကျေးရွာကို ဆိုင်ကယ်နဲ့လာစဉ် လမ်းမှာစစ်ကောင်စီ စစ်ကြောင်းနဲ့တိုးပြီး ကြောက်လန့်ထွက်ပြေးရာကနေ ဖမ်းဆီးခံလိုက်ရတာပါ။
အဲဒီနောက် စစ်ကောင်စီတပ်ဟာ လူငယ်မောင်ကံရှိန်ရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်နေရာအနှံ့ကို သေနတ်ဒင်တွေနဲ့ ထုထောင်းသွားတဲ့အတွက် ပြင်းထန်ဒဏ်ရာရရှိပြီးနောက် ဒေသခံတွေ အကူအညီနဲ့ လောင်းလုံးပြည်သူ့ဆေးရုံထံ ပို့ဆောင်ခဲ့ပါတယ်။
လောင်းလုံးဆေးရုံက လက်မခံတဲ့အတွက် ရန်ကုန်ဆေးရုံသို့ တက်ရောက်ကုသနေစဉ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြင်းထန်ဒဏ်ရာတွေကြောင့် သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားတဲ့ မောင်ကံရှိန်ကိုတော့ ရန်ကုန်မှာပဲသဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းကာလအတွင်း စစ်ကြောင်းထိုးစဉ် ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်ကာအဖြစ် အသုံးပြုတာ၊ အကြောင်းမဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျုးလွန်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာ သိမ်းကာလအတွင်း တနင်္သာရီတိုင်းက အရပ်သားပြည်သူ ၁၅၀ နီးပါး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media