ရန်ကုန်၊ ဒီဇင်ဘာ ၃၀
တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာကြဖို့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးက သတိပေးလိုက်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊TNLA နဲ့ AA တို့ဟာ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့အောက် တိုဘာလက စပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
တရုတ်နိုင်ငံနဲ့ အဓိကကုန်သွယ်ရေးနယ်စပ်မြို့တွေနဲ့ မြို့အတော်များများကို သိမ်းပိုက်ထားနိုင်ခဲ့ တဲ့အတွက် စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးစစ်ရေးစိန်ခေါ်မှု ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။
လက်ရှိမှာတော့ ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ တရုတ်နယ်စပ်မှာရှိတဲ့ လောက်ကိုင်မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေပြီး အဲဒီနေရာမှာ စစ်ကောင်စီနယ်ခြားစောင့်တပ်အပါအဝင် ပြည်သူ့စစ်တွေဟာ ပြည့်တန်ဆာလုပ်ငန်း၊လောင်းကစားလုပ်ငန်းနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ အကြီးအကျယ် လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
“မြန်မာမြောက်ပိုင်း ကိုးကန့်ခရိုင်အောက်ရှိ လောက်ကိုင်က ပဋိပက္ခတွေဟာ ဆက်လက်ဖြစ်ပေါ်နေပြီး အဲ့နေရာမှာသောင်တင်နေတဲ့ လူတွေအတွက် လုံခြုံရေးအန္တရာယ်တွေက မြင့်တက်နေပါတယ်။ မြန်မာအခြေစိုက် တရုတ်သံရုံးအနေဖြင့် လောက်ကိုင်ခရိုင်မှာရှိနေတဲ့ တရုတ်နိုင်ငံသား တွေကို မကြာခင်ထွက်ခွာကြဖို့ နောက်တစ်ခါ အသိပေးလိုပါတယ်”လို့ တရုတ်သံရုံးရဲ့WeChat အကောင့်မှာ ရေးသားထားပါတယ်။
လောက်ကိုင်မြို့ကိုဝန်းရံထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုးကန့်ဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ MNDAA ရဲ့ မီဒီယာမှာဖော်ပြထားပါတယ်။
ဒီဇင်ဘာလအစောပိုင်းက မြန်မာစစ်တပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့တွေ့ဆုံဆွေးနွေးဖို့ တရုတ် အစိုးရဘက်က ဆောင်ရွက်ပေးထားသလို ယာယီအပစ်ရပ်ဖို့ သဘောတူညီမှုရရှိထားတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေသလို TNLA ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက နောက်ထပ် မြို့ ၂ မြို့ကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
တရုတ်အစိုးရက သူတို့နဲ့ ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားဖြစ်မှုနီးစပ်တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက်တွေ ထိန်းသိမ်းထားနိုင်သလို အဲဒီအဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ တရုတ်ငွေကြေးနဲ့ တရုတ်ဖုန်းလိုင်းတွေကို အသုံးပြုနေကြတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။
ဒါအပြင် တရုတ်အစိုးရဟာ အာဏာသိမ်းစစ်တပ်အဖွဲ့ အဓိကလက်နက်ထောက်ပံ့သူဖြစ်ပေမယ့် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံအတွင်းက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို မြန်မာစစ်တပ်ဘက်က ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ နောက် နှစ်နိုင်ငံကြား ဆက်ဆံရေးရပ်တန့်နေကြတာဖြစ်ပါတယ်။
အဲဒီလိုဆက်ဆံရေးရပ်တန့်ပြီးတဲ့နောက် စစ်ကောင်စီလက်ကိုင်တုတ်အမျိုးသားရေးအစွန်း ရောက်တွေဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့ကို တရုတ်က ထောက်ပံ့ပေးထားတယ်ဆိုတဲ့ စွဲချက်နဲ့ဆန္ဒပြထားပါတယ်။
Ref – AFP