ထန်းပင်ချောင်ကြီး၊ ဒီဇင်ဘာ ၂၉

အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် မွန်လူငယ်တွေကို အမျိုးသားရေးတာဝန်ထမ်းဆောင်ဖို့ မွန်လူငယ်ဆုံရပ်အပါအဝင် မွန်တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၂ ကြိမ်မြောက် မွန်လူငယ်နေ့မှာ ကြေညာချက်တွေထုတ်ပြန်ပြီး တိုက်တွန်းခဲ့ကြပါတယ်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာ၂၈ ရက်နေ့မှာ ခေတ်ပညာတတ် မွန်လူငယ်တွေစုဖွဲ့ပြီး မွန်လူငယ်ညီလာခံကျင်းပခဲ့တာကိုအစွဲပြုပြီး ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တဲ့ မွန်လူငယ်တွေ့ဆုံပွဲကနေ မွန်လူငယ်နေ့ကို ကျင်းပလာတာ ၁၂ နှစ် ပြည့်မြောက်ခဲ့ပါပြီ။

၁၂ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်ကြီးကျေးရွာမှာ မွန်လူငယ်အရေးနဲ့ သက်ဆိုင်တဲ့ကဏ္ဍတွေကို လှုပ်ရှားဦးဆောင်နေတဲ့ မွန်လူငယ်ဆုံရပ်က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မွန်လူငယ်နေ့ဟာ မွန်လူငယ်တွေအတွက် အမှတ်တရဖြစ်ပြီး မွန်လူငယ်တရပ်လုံး မူးယစ်ဆေးဝါးကို မသုံးစွဲမိစေဖို့နဲ့ အသက် ၁၈ နှစ်ပြည့်ရင် စစ်သင်တန်းတက်ရောက်ကြဖို့ မွန်လူငယ်ဆုံရပ်က တိုက်တွန်းနှိုးဆော်ပါတယ်။

ဝါရင့်တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီကတော့ အနာဂတ်မှာ မွန်လူမျိုးတွေ မပျောက်ကွယ်သွားဖို့ မိမိတို့လူမျိုးအခွင့်အရေး ဖန်တီးနိုင်ဖို့ လူငယ်တွေအပေါ် မူတည်နေတယ်လို့ ပါတီဥက္ကဌနိုင်ဟံသာ လက်မှတ်ထိုးထားတဲ့ မွန်လူငယ်နေ့ကိုပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

မွန်လူငယ်တွေအများစုဟာ ပြည်ပထွက်စီးပွားရှာကြတာ အလွန်များပြားပြီး ရွာမှာကျန်နေတဲ့ လူ ငယ်တွေကလည်း မူးယစ်ဆေးဝါး၊ ဘိန်းစာရွက်တွေနဲ့ ပျော်ပါးနေတာကြောင့် နိုင်ငံရေးလုပ်သူနည်းတယ်လို့ ထောက်ပြထားတာပါ။

ဒါကြောင့် မိမိတို့လူမျိုးမပျောက်ကွယ်ဖို့ တိုးတက်ကြီးပွားဖို့ လူငယ်တွေအပေါ် တာဝန်ရှိကြောင်းနဲ့ မွန်လူမျိုးဖြစ်ပြီး ကိုယ့်လူမျိုးရေးတာဝန်ကို အားလုံးထမ်းရွက်သွားကြဖို့ နိုင်ဟံသာက တိုက်တွန်းနှိုးဆော်ပါတယ်။

မွန်ပြည်သစ်ပါဟာ ဆယ်စုနှစ်များစွာ တော်လှန်ရေးလုပ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အာဏာသိမ်းမှုအတွင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရေးဆိုတဲ့မူကို ဆုပ်ကိုင်ခဲ့တာကြောင့် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲထဲ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ မွန်ပြည်ပြန် လည်တည်ထောင်ခွင့်ဟာ လက်နဲ့တောင်းယူလို့ မရတဲ့အတွက် မွန်လူငယ်တွေအားလုံး လက်တွေ့တော်လှန်ရေးထဲ ဝင်ရောက်လုပ်ဆောင်ဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကိုယ်ပိုင်ပြဌာန်းခွင့်၊ မွန်ပြည်ပြန်လည်တည်ထောင်ခွင့်ဆိုတာ ကျွန်တော်တို့ လက်နဲ့တောင်းယူလို့မရပါဘူး။‌ နောက်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့ အကြိမ်ကြိမ် ဖြတ်သန်းခဲ့တယ်။ အဲဒီမှာလည်း ကျွန်တော်တို့ မွန်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ မွန်ပြည်ပြန်လည်တည်ထောင်ခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခွင့်ကို ဘယ်အစိုးရ အဆက်ဆက်ကမှ ပေးအပ်ခဲ့တာ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့အားလုံး လက်တွေ့ တော်လှန်ရေးထဲမှာ ဝင်ရောက်လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း မွန်လူငယ်တွေကိုမှာကြားချင်တယ်”လို့ ဆိုပါတယ်။

လက်ရှိတော်လှန်ရေးအခြေအနေအရ မွန်လူငယ်တစ်ရပ်လုံး စုစည်းသွားဖို့လိုအပ်ပြီး မွန်တစ်မျိုးသားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ မြန်မာစစ်တပ်ကို မွန်လူငယ်တွေအနေနဲ့ ကျရာအခန်းကဏ္ဍမှာ အတူတ ကွ တိုက်ပွဲဝင်သွားဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်ထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ အာဏာသိမ်းကာလအတွင်း ဖွဲ့စည်းထားပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ မွန်ပြည်ဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေတဲ့ တော်လှန်‌ရေးအဖွဲ့အစည်း ဖြစ်ပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ နိုင်ပညာမာန်ကလည်း လွတ်မြောက်တဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြသနိုင်ဖို့ မွန်လူငယ်တွေ နိုင်ငံရေးနိုးကြားနေရမှာဖြစ်တဲ့အပြင် တော်လှန်ရဲဖို့ လိုအပ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိနွေဦးတော်လှန်ရေးက လူငယ်တွေရဲ့ ဦးဆောင်မှုနဲ့စခဲ့တဲ့ တော်လှန်ရေးဖြစ်တယ်။ အဲဒီအ တွက် ကျွန်တော့်အမြင်က အနာဂတ်မွန်ပြည်ကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ လူငယ်တွေပဲ ရှိသင့်တယ်လို့ မြင်ပါတယ်။ လူငယ်တွေရဲ့ ဦးဆောင်မှုနဲ့သာ အနာဂတ်မွန်ပြည်ကို တည်ဆောက်ရမှာ ဖြစ်တယ်။ ဆိုတော့ တစ်ဖက်မှာလည်း မွန်လူငယ်တွေက နိုင်ငံရေးနိုးကြားနေဖို့ လိုပါတယ်။ ကျွန် တော်တို့က လွတ်မြောက်တဲ့လူမျိုးတမျိုး ဖြစ်ကြောင်းပြနိုင်ဖို့ အမြဲတမ်းနိုင်ငံရေး နိုးကြားနေရမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ကျွန်တော်တို့က တော်လှန်ရဲဖို့လည်း လိုအပ်ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မဟာလူမျိုးကြီးဝါဒနဲ့ နှစ်ပေါင်းများစွာ ကြီးစိုးလာတဲ့ စစ်တပ်ရဲ့ အင်အားချိနဲ့ချိန် ဖြစ်တာကြောင့် မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့ တိုက်ယူရမယ့် အချိန်ကောင်းဖြစ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ်က ထောက်ပြပါတယ်။

ဒါကြောင့် မွန်လူငယ်တွေအားလုံး မိမိတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ပန်းတိုင်အောက်မှာ စုစည်းပြီး တိုက်ပွဲဝင်ကြဖို့ လိုအပ်နေချိန်ဖြစ်တဲ့အတွက် အမျိုးသားလွတ်မြောက်ရေးအတွက် ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို အတူတကွတွန်းလှန်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.