မြိုင် – ဒီဇင်ဘာ ၂၉

မကွေးတိုင်း၊မြိုင်မြို့နယ်ကို ကင်းထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို ဖမ်းဆီးရမိထားတယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်ထားပါတယ်။

မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ ခလရ ၂၅၁ ထောက်ပို့ယာဉ်တန်းနဲ့အတူ ပါလာတဲ့ ရဲ ၃ ဦးဟာ ကင်းထွက်ရင်းလမ်းမှားရောက်ရှိလာပြီးနောက် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။

“ထောက်ပို့ယာဉ်တန်းက ရဲသုံးဦး ကင်းထွက်လာချိန် လမ်းမှားနေတာတွေ့လို့ ဖမ်းဆီး ရမိခဲ့တာ ပါ။ အဲဒီသုံးဦးကို စကစ က လက်နက်ပေးမထားဘဲ ကင်းစောင့်ခိုင်းနေတဲ့အချိန် ဖမ်းဆီး ရမိခဲ့ တာ။”လို့မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယိ။

ဖမ်းဆီးရမိထားတဲ့ ရဲ ၃ ဦးဟာ ဒုတပ်ကြပ် ဝေလွင်ထွန်း၊တပ်သား ဟိန်းထက်အောင်နဲ့ အောင်လင်းထွန်းတို့ဖြစ်ပြီး သူတို့တွေကို မြိုင် ပ.က.ဖနဲ့ PDF Kamma (ကမ္မတပ်ပေါင်းစု)တို့ ပူးပေါင်းဖမ်းစီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ မကွေးကနေ ပခုက္ကူတပ်မ ၁၀၁ ကို သင်တန်းတက်ရောက်ဖို့ဆိုပြီး လိမ်လည်ခေါ် ယူခံရတဲ့ ရဲအင်အား ၄၀ ထဲက ဖြစ်ပြီး စစ်ကြောင်းထိုးချိန် လိုက်ပါဖို့ ခိုင်းစေခံရသူတွေလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကြောင်းမှာလည်း သူတို့ကိုလက်နက်ပေးမကိုင်ဘဲ အထုတ်ထမ်းတာ၊အလောင်းထမ်းခိုင်းတာ တွေသာပြုလုပ်ရပြီး စစ်သားတွေရဲ့ အကြွင်းအကျန်ကိုသာ စားရတယ်လို့ စစ်ဆေးချိန်မှာ ထွက် ဆိုထားကြပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ ရဲတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီထိန်းသိမ်းထားပြီး မိသားစု နဲ့ ဆက်သွယ်ဖို့ ကြိုးစားပေးနေပေမယ့် မိသားစုဝင်တွေရဲ့ ဖုန်းတွေကို စစ်ကောင်စီတပ်သားတွေ သိမ်းဆည်းထားတာကြောင့် ဆက်သွယ်လို့ ခက်ခဲနေတယ်လို့ မြိုင်ပ.က.ဖက အသိပေးထားပါ တယ်။

မကွေးတိုင်းအတွင်းက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေဟာ စခန်းစွန့်ခွာထွက်ပြေးတာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီမှာ လက်နက်ချအညံ့ခံ တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင် ပ.က.ဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.