မော်လမြိုင်၊ ဒီဇင်ဘာ ၂၈

ငြိမ်းချမ်းရေးအတွက် အမြဲဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် လုံးဝအယုံအ ကြည်မရှိတော့သလို စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်သာ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်အမျိုး သားအစည်းအရုံး KNU က တုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၄ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့၊ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်းမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ခရစ္စမတ်နေ့ ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးစကား ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်လှစ်ထားသလို တပ်မတော်ကလည်း ငြိမ်း ချမ်းရေအတွက် အမြဲအသင့်ရှိနေကာ ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း ပြောကြားသွားခဲ့တာပါ။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးပြောဆိုချက်တွေဟာ လက်တွေ့ လုပ်ရပ်နဲ့ အမြဲကင်းကွာနေပြီး လက်ရှိမှာလည်း စစ်အာဏာရှင်၊ စစ်တပ်တွေရဲ့ တသမတ်တည်း လုပ်ဆောင် လာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လုံးဝအတောမသတ်သေးဘူးလို့ ဝေဖန်ပါတယ်။

“အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်အာဏာရှင်တွေရဲ့ တသမတ်တည်းလုပ်လာတဲ့အလုပ်ကတော့ ဒီရက်စက် ကြမ်းကြုတ်တဲ့လုပ်ရပ်တွေနဲ့ပဲ သက်သေပြခဲ့တယ်။ ပါးစပ်ကနေ ငြိမ်းချမ်းရေးတွေ၊ မေတ္တာတရားတွေ၊ ဘယ် လောက်ပဲပြောပြော ဒါလက်တွေ့အလုပ်နဲ့ အမြဲတမ်းကင်းကွာနေတယ်။ အခုလက်ရှိမှာဆိုရင်လည်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက လုံးဝအတောမသတ်သေးပါဘူး။ ၂၀၂၃ သာ ကုန်သွားမယ်၊ ရက်စက်ကြမ်းကြုတ် မှုတွေက လူထုအပေါ်မှာ အထူးသဖြင့် ဒီလက်နက်ကြီးနဲ့ ပစ်ခတ်တာတို့ ဒီလေယာဉ်ပျံနဲ့ ဗုံးကြဲတာတို့ ဆက် တိုက်ဖြစ်နေပါတယ်” လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

အဲဒီအခမ်းအနားမှာ စစ်ခေါင်းဆောင်က ခရစ္စမတ်နေ့ထူးနေ့မြတ်ကစပြီး နိုင်ငံမှာအဓိကလိုအပ်နေတဲ့ တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ဖို့နဲ့ ဘာသာတရားအားလုံး ငြိမ်းချမ်းစွာ အတူလက် တွဲ နေထိုင်ရေးဆိုတဲ့ အခွင့်အရေးတွေကို နိုင်ငံသားအားလုံး ရရှိနိုင်စေဖို့ ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါ သေးတယ်။

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြောဆိုချက်တွေအပေါ် KNU အနေနဲ့ ထူးထူးထွေထွေ ပြောစရာမလို ဘဲ အယုံအကြည်လည်း လုံးဝမရှိသလို စစ်အာဏာရှင်စနစ် လုံးဝပပျောက်သွားဖို့၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့အတွက် ကြိုးစားလုပ်ဆောင်နေတာဖြစ်တယ်လို့ ပဒိုစောတောနီးက တုံ့ပြန်ပါတယ်။

“ကျွန်တော်တို့တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် လုံးဝပျောက်သွားရေးနဲ့ လုံးဝချုပ်ငြိမ်းသွားရေးနဲ့ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ငြိမ်းချမ်းသာယာပြီး လူတိုင်းအတွက် အာမခံချက်ပေးနိုင်တဲ့ လူ့အခွင့်အရေး တွေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ အဲဒါတွေက ရရှိဖို့အတွက်သာလျှင် ကျွန်တော်တို့ကြိုးစားနေတာဖြစ်တယ်။ ဒီစစ် အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကိုတော့ ကျွန်တော်တို့ အပြီးတိုင်ချုပ်ငြိမ်းအောင် လုပ်သွားဖို့ အရေးကြီးပါတယ်။ အဲဒါမှမလုပ်နိုင်ဘူးဆို ကျွန်တော်တို့မျှော်မှန်းတဲ့ဟာ တစ်ခုမှဖြစ်မလာနိုင်ပါဘူး။ သူတို့ပြောဆိုတဲ့ဟာလည်း ကျွန်တော်တို့ ဘာမှထူးထူးခြားခြား ခေါင်းထဲမှာလည်းထည့်စရာမလိုပါဘူး။ စစ်အာဏာရှင်စနစ်ကျရှုံး ရေးအ တွက်သာလျှင် ကျွန်တော်တို့ တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့ပဲရှိတယ်” လို့ ပဒိုစောတောနီးက ဆိုပါတယ်။

တဖက်မှာတော့ စစ်ခေါင်းဆောင်ဟာ ငြိမ်းချမ်းရေးစကားနဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆိုချက်တွေကို ထပ်တလဲလဲ ပြောဆိုနေပေမယ့် နိုင်ငံတစ်ဝန်းမှာတော့ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက် ခိုက်မှုတွေ ဆိုးဆိုးဝါးဝါးကျူလွန်းနေပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကစလို့ အခုနှစ် သြဂုတ်လအထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လူ ၅ ဦးနဲ့ အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း အနည်းဆုံး ၁၇၅ ကြိမ် ကျူးလွန်ထားပြီး အရပ်သားပြည်သူ စုစုပေါင်း ၁၇၉၄ ဦးအထိ သတ်ဖြတ်ခံခဲ့ရပါတယ်။

အဲဒီကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၉၀၂ ကြိမ်အတွင်း ဘာသာရေးအဆောက် အအုံ ၈၆ ခု၊ စာသင်ကျောင်း ၅၄ ကျောင်း၊ ဆေးရုံ ၂၆ ရုံ အပါအဝင် အရပ်သား ၆၈၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄၆၀ နီးပါး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ KNU အုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲပေါင်း အကြိမ် တစ်သောင်းကျော် ဖြစ်ပွားထားတယ်လို့ KNU ဗဟိုက နိုဝင်ဘာလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI ( ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.