ရေး၊ ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်းကျေးရွာနဲ့စံပြကျေးရွာကြားရှိ စစ်ကောင်စီရဲ့ ကြိုးတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတဲ့ ကြိုးတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် ၈ နာရီအချိန် ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် စောသီဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး ဂိတ်အနီး ဈေးလာရောင်းတဲ့ ဒေသခံဒေါ်ယမင်းသန့်လည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံအမျိုးသမီးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကနေ လမိုင်းတိုက်နယ်ဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။

ကြိုးတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ တံတားဖြတ်သန်းသွားလာနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို အစစ်ဆေးတင်းကျပ်ထားသလို မသင်္ကာတဲ့သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ် ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကလည်း တစ်စုံတစ်ရာ ထုတ် ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ရေးမြို့နယ် ကမော့ကနင်နဲ့အောင်သာယာကျေးရွာကြား ရေး-ထားဝယ်လမ်းပိုင်းမှာ ရေဖြူမြို့နယ်အခြေစိုက် ခမရ ၄၀၆ ရဲ့ တပ်ပြောင်း ပစ္စည်းတင်လာတဲ့ ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးသိမ်းဆည်းထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်ရဲ့ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေးအင်အား စုတွေ နယ်စိုးမိုးရေးအတွက် နေ့စဉ်နဲ့အမျှ ပိတ်ဆို့ရှာဖွေစစ်ဆေးနေသလို စစ်ကောင်စီတပ်ကလည်း လက်နက် ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.