ဘန်ကောက် – ဒီဇင်ဘာ ၂၃

ထိုင်းနိုင်ငံတနေရာမှာ သတင်းသမားတွေကို ကိုယ်စားပြုတဲ့ လွတ်လပ်သော မြန်မာသတင်း မီဒီယာ ကောင်စီ (Independent Press Council Myanmar-IPCM) ကို ဖွဲ့စည်းလိုက်တယ်လို့ ကောင်စီ ဥက္ကဋ္ဌ နန်းဖော့ဂေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်းနိုင်ရေး ဒုတိယအကြိမ် ညီလာခံကို ပြီးခဲ့ တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံတနေရာမှာ ပြည်တွင်း ပြည်ပ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ၃၇ ဖွဲ့နဲ့ တစ်သီပုဂ္ဂလ သတင်းမီဒီယာသမားတွေအပါ အဝင် စုစုပေါင်း ၇၇ ဦးနဲ့ ကျင်းပပြုလုပ်ခဲ့ကြတာပါ။

သတင်းမီဒီယာကောင်စီရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့် မြှင့်တင်ရေး၊သတင်းသမားတွေရဲ့ လုံခြုံရေး အကာအကွယ်ရရှိရေး၊ မီဒီယာကျင့်ဝတ်တွေ ရေဆွဲ ပြဌာန်းကာ လိုက်နာကျင့်သုံးရေး၊ သတင်းမီဒီယာကောင်စီ တရားဝင်ရပ်တည်ရေး အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းမီဒီယာ ကောင်စီတွေနဲ့ တရားဝင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး တို့ကို ညီလာခံမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“ စစ်ကောင်စီအောက်မှာရှိနေတဲ့ သတင်းမီဒီယာကောင်စီကို အသိအမှတ်မပြုတဲ့အတွက် ကျွန်မ တို့ရဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေ အကာအကွယ်မဲ့နေတဲ့ အခြေအနေကြောင့်ရယ် သတင်း မီဒီယာလွတ်လပ်ခွင့်တွေအတွက် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်” လို့ မြန်မာသတင်း မီဒီယာ ကောင်စီ ဥက္ကဋ္ဌ နန်းဖော့ဂေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီမိုကရေစီနည်းကျ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီဟာ လွတ်လပ်သော သတင်းမီဒီယာတွေ၊ တိုင်းရင်းသား မီဒီယာတွေ၊ ဒေသအခြေပြု မီဒီယာတွေကို ကိုယ်စားပြုဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

သတင်းမီဒီယာကောင်စီ ညီလာခံမှာ ကောင်စီရဲ့ အမှုဆောင်ကော်မတီဝင်တွေအဖြစ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊အတွင်းရေးမှူး၊တွဲဘက်အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးအပါအဝင် စုစုပေါင်း ကော်မတီဝင် ၁၀ ဦးကို ရွေးကောက်တင်မြှောက်ထားတယ်လို့ သိရပါတယ်။

“ဒီလိုကောင်စီဖွဲ့စည်းနိုင်ခဲ့တာကိုတော့ ကျွန်တော်တို့အနေနဲ့ ကြိုဆိုတယ်။ သတင်းသမားတွေဟာ အခုဆိုရင် ထောင်ထဲမှာလည်းရောက်နေတယ်။ လွတ်မြောက်နယ်မြေမှာလည်းရှိနေတယ်။ ပြည်ပ နိုင်ငံတွေမှာလည်းရောက်နေကြတယ်။ ဒီအတွက် သတင်းမီဒီယာကောင်စီက ဘယ်လို ဆောင်ရွက်မယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်” လို့ အမည်မဖော်လိုတဲ့ သတင်းအယ်ဒီတာ တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ကောင်စီဝင်တွေနဲ့ ညီလာခံတက်ရောက်လာသူတွေက သတင်းမီဒီယာသမားတွေကို ချွင်းချက် မရှိ လွှတ်ပေးဖို့နဲ့ စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာကောင်စီကို တရားမဝင်အဖွဲ့ အစည်း ဖြစ်တယ်လို့ ကြေညာခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၃၀ နီးပါးဖမ်းဆီးခံထားရပြီး သတင်းသမားတွေကို ထောင်ထဲမှာ ညှင်းပမ်းနှိပ်စက်မှုတွေရှိနေသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ လည်းချမှတ်နေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလက Myanmar Now သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်တဦးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပြီး ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တစ်ဦးကို အများဆုံး ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တရုတ်နဲ့ အီရန်နိုင်ငံ ပြီးရင် ကမ္ဘာတဝန်း သတင်းထောက်တွေကို ဖမ်းဆီး၊ ထောင်ချမှု တတိယအများဆုံး နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – IPCM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.