ဆိုးလ်၊ ဒီဇင်ဘာ ၆

မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်က နိုင်ငံရဲ့အာဏာကို ခိုင်မာအားကောင်းစေဖို့နဲ့ ပြည်တွင်းမှာ ကလေးမွေးဖွားနှုန်း ကျဆင်းလာမှု တားဆီးဖို့ အမျိုးသမီးတွေရဲ့တာဝန်သာ ဖြစ်တဲ့အတွက် ကလေးများများ ပိုမိုမွေးကြဖို့ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ လူဦးရေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ အလွန်ခက်ခဲပေမယ့် သူတို့ထုတ်ပြန်တဲ့ ကန့်သတ်ကိန်းဂဏန်းတွေအရ မြောက်ကိုရီးယားရဲ့ ကလေးမွေးဖွားနှုန်းဟာ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း ဆက်တိုက်ကျဆင်းလာတယ်လို့ တောင်ကိုရီးယားအစိုးရက အကဲဖြတ်သုံးသပ်ထားတာဖြစ်ပါတယ်။

ဒါဟာ ယိုယွင်းပျက်စီးနေပြီး ဒဏ်ခတ်ပိတ်ဆို့မှု ကြီးကြီးမားမားရှိနေခဲ့တဲ့ မြောက်ကိုရီးယားရဲ့စီးပွားရေးကို ထိန်းထားနိုင်ဖို့ လုပ်သားအပေါ် မှီခိုနေတဲ့ နိုင်ငံတစ်ခုအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သက်ဆိုင်တယ်လို့လည်း သိရပါတယ်။

ကင်ဂျုံအန်ရဲ့ အမျိုးသမီးတွေ ကလေးပိုမိုမွေးဖွားဖို့ နောက်ဆုံးတိုက်တွန်းချက်ဟာ ၁၁ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံရဲ့မိဘများအစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကလေးမွေးဖွားနှုန်း ကျဆင်းမှုကို တားဆီးဖို့နဲ့ ကလေးသူငယ်စောင့်ရှောက်မှုအပါအဝင် ပညာရေးကို ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့မိခင်တွေနဲ့အတူ ဖြေရှင်းသင့်တဲ့ မိသားစုကိစ္စရပ် တွေဖြစ်တယ်” လို့ ကင်မ် အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

တောင်ကိုရီးယား အစိုးရစာရင်းအင်းအေဂျင်စီရဲ့ အဆိုအရ မြောက်ကိုရီးယားရဲ့ စုစုပေါင်းကလေး မွေးဖွားနှုန်းဟာ၂၀၁၄ ခုနှစ်က ၁ ဒသမ ၈၈ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်မှာ ၁ ဒသမ ၇၉ ထိကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဟာ စစ်ပြီးခေတ် လူဦးရေတိုးပွားမှုကို နှေးကွေးစေဖို့ ၁၉၇၀- ၁၉၈၀ ခုနှစ်များအတွင်း ကလေး မွေးဖွားမှုထိန်းချုပ်ရေးအစီအစဉ်တွေကို အကောင်အထည်ဖော်ခဲ့ပါသေးတယ်။

နိုင်ငံရဲ့ မွေးဖွားနှုန်းဟာ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်းမှာ လူပေါင်းရာနဲ့ချီ သေဆုံးခဲ့တဲ့ အငတ်ဘေးကြောင့် ကြီးကြီးမားမား ကျဆင်းမှုကို မှတ်တမ်းတင်ထားတယ်လို့လည်း ဆိုးလ်အခြေစိုက် ဟွန်ဒိုင်းသုတေသနဌာနက သြဂုတ်လကထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ လူဦးရေမှာ ၂၅ ဒသမ ၇ သန်းရှိတယ်လို့ တောင်ကိုရီးယား စာရင်းအင်းအေဂျင်စီက ခန့်မှန်းထားပြီး ဟွန်ဒိုင်းအင်စတီကျုရဲ့ အစီရင်ခံစာအရ မြောက်ကိုရီးယားသည် ၂၀၃၄ ခုနှစ်မှာ လူဦးရေကျုံ့သွားဖွယ်ရှိနေကာ ၂၀၇၀ ခုနှစ်မှာ လူဦးရေ ၂၃ ဒသမ ၇ သန်းအထိ ကျဆင်းလာမယ်လို့ ခန့်မှန်းထားကြောင်း သိရပါ တယ်။

Ref: AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.