ကော့ကရိတ်၊ ဒီဇင်ဘာ ၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူ သောင်းနဲ့ချီ ရှိလာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး KNU ကော့ကရိတ်မြို့နယ် ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း ကော့ကရိတ်မြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုသာမက လေကြောင်းနဲ့ပါ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်သေဆုံးခဲ့ပြီး ကော့ကရိတ်မြို့ပေါ်မှာလည်း အရပ်သားပြည်သူတွေ အများအပြားထိခိုက်သေဆုံးမှုရှိခဲ့ကာ ထိခိုက်မှုစာရင်းကိုတော့ မသိရသေးဘူးလို့ တပ်မဟာ ၆ သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားရတဲ့ အရပ်သား ၄ ဦးဟာ KNU ကော့ကရိတ်မြို့နယ် ရွာသစ်ကျေးရွာက ၁ ဦး၊ ဖန်ခါးကုန်းကျေးရွာက ၁ ဦးနဲ့ မြဝတီမြို့နယ် မဲကနယ်ကျေးရွာက ဒေသခံ ၂ ဦးတို့ဖြစ်ကြပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူလူထုအပေါ် စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ပေါ်ရှိ ဒေသခံပြည်သူအပါအဝင် မြို့အနီးအနားရှိ ကျေးရွာတွေဖြစ်ကြတဲ့ ကော့နွဲ၊ မောင်းမရွာသစ်၊ အံဖကြီး၊ ရွာတန်းရှည်စတဲ့ ကျေးရွာအုပ်စုတွေက ဒေသခံပြည်သူ နှစ်သောင်း ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေဟာ မြို့ပေါ်ကနေ ထွက်ခွာလာနေကြပြီး အခြားနေရာဒေသတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေခဲ့လို့ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.