ဆိုက်ပရပ်စ်၊ ဒီဇင်ဘာ ၅
အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုအတွင်း အသက်လုပြေးလွှားခဲ့ရပြီး အသက်ရှင်ကျန်နေခဲ့သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အနားယူနိုင်စေဖို့အတွက် ဆိုက်ပရပ်စ်မှာ အပန်းဖြေကုသပေးဖို့ စီစဉ်ထားတယ်လို့ စိတ်ကျန်းမာရေးကျွမ်းကျင်သူများအဖွဲ့ NovaHelp က ပြောပါတယ်။
ဒီခရီးစဉ်ကို စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ NovaHelp က ကူညီပံ့ပိုးပေးတာ ဖြစ်ပြီး ငွေရေးကြေးရေး အထောက်အပံ့တွေကို စာရင်းကိုင်ကုမ္ပဏီတွေနဲ့ ဂျူးအမေရိကန်က အသင်းအဖွဲ့တွေအပါအဝင် အခြားသော ပရဟိတ လုပ်ငန်းတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ပံ့ပိုးပေးတာဖြစ်တယ်လို့ NovaHelp အဖွဲ့မှ ရာစကင်းက ပြောကြားခဲ့ပါတယ်။
အဲဒီခရီးစဉ်ကို လိုက်ပါမယ့်သူတစ်ဦးဖြစ်တဲ့ သောမတ်ဘားစစ်စ်က အစ္စရေးတောင်ပိုင်းမှာ သူတက်ရောက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် သဲကန္တာရဂီတပွဲကို အီလက်ထရွန်နစ် ဂီတသံစဉ်တွေနဲ့ ပြည့်နှက်နေမယ်လို့ မျှော်လင့်ထားပေမယ့် အဲဒီအစား ဟားမတ်စ်စစ်သွေးကြွတွေရဲ့တိုက်ခိုက်ခံရမှုမှ လွတ်မြောက်ဖို့ ပြေးလာရပြီး ကျည်ဆန်သံတွေနဲ့ လူတွေပြေးလွှား တစ်ဟုန်ထိုး မြည်သံတွေကပဲ ကြီးစိုးခဲ့တယ်လို့ ဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှ ဟားမက်စ်စစ်သွေးကြွတွေဟာ ဂီတပွဲတော်မှာ ဖျော်ဖြေတင်ဆက်သူတွေအပါအဝင် ပွဲတက်ရောက်လာတဲ့ လူငယ်တွေနဲ့ အမျိုးသမီးငယ်တွေကို သေနတ်နဲ့ ပစ်သတ်ကာ လူအုပ်ထဲကို လက်ပစ်ဗုံးတွေပါ ပစ်ပေါက်ခဲ့ပါတယ်။
သောမတ်ဘားစစ်စ်က ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုအတွင်း သူရဲ့ သူငယ်ချင်းဟာ ဦးခေါင်းကျည်ဆန်ထိမှန်ပြီး နေရာပဲ လဲကျသေဆုံးသွားပေမယ့် မကူညီနိုင်ခဲ့ကြောင်းနဲ့ ကျည်ဆန်သံတွေဟာ လေချွန်နေသလို လူတစ်ယောက်ပြီး တစ်ယောက် လဲကျသွားတာတွေ မြင်ခဲ့ရတယ်လို့ ပြောပြပါတယ်။
အဲဒီဖြစ်စဉ်ကနေ အသက်ရှင်ကျန်ခဲ့တဲ့ ဘားစစ်စ်ဟာ သူ့လိုပဲ တိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်သူ ၅၀ နဲ့အတူ – ဆိုက်ပရပ်စ်ရဲ့ အနောက်တောင်ဘက်ကမ်းခြေအပန်းဖြေစခန်း ပါဖော့စ်မြို့ အထက်ပိုင်းက တောင်ကုန်းတစ်ခုမှာရှိတဲ့ အစ္စရေးတွေပိုင်ဆိုင်တဲ့ Secret Forest မှာ ငါးရက်ကြာ အပန်းဖြေဖို့ သွားရောက်မှာပါ။
အပန်းဖြေကုသရေး ဒီခရီးစဉ်မှာ သူတို့တွေ တွေ့ကြုံခဲ့ရတဲ့ ထိခိုက်မှုနဲ့ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ နေ့စဉ်လေ့ကျင့်ခန်းတွေဖြစ်တဲ့ ယောဂ၊ တရားထိုင်တာ၊ အနှိပ်ခံတာနဲ့ အပ်စိုက်ကုထုံးတွေ အကုန်ပါဝင်နေတယ်လို့ သိရပါတယ်။
ဟားမတ်စ်တိုက်ခိုက်မှုဟာ အောက်တိုဘာ ၇ ရက်နေ့ တစ်ရက်တည်း အစ္စရေးနိုင်ငံသား ၁၂၀၀ နီးပါးသတ်ခံခဲ့ရပြီး ဒီလုပ်ရပ်အပေါ် အအစ္စရေးကလည်း လေကြောင်း၊မြေပြင် တိုက်ခိုက်မှုတွေနဲ့ ဂါဇာကို ပြင်းပြာင်းထန်ထန် ထိုးစစ်ဆင် တုံ့ပြန်ခဲ့တာပါ။
အရပ်သားတွေအပါအဝင် တိုက်ပွဲကြောင့် သေဆုံးရသူ လက်ရှိအချိန်အထိ ပါလက်စတိုင်း ၁၃၃၀၀ ကျော် ရှိနေပြီလို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားပါတယ်။
Ref:AP