သရက်ချောင်း၊ နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို လက်ခံရင် ရွာကိုဖျက်ဆီးပစ်မယ်လို့ စာရေးခြိမ်းခြောက်သွားကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က ပေါက်တိုင်းတံတားဘက်ကနေ ကင်းရှေ့ကျေးရွာထဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ကင်းရှေ့ကျေးရွာရှိ နေအိမ် ၂၀ နီးပါးကို ဝင်ရောက်မွှေနှောက်ပြီးနောက် တန်ဖိုးရှိပစ္စည်းတွေအပါအဝင် ကလေးစုဘူးမကျန် ဖောက်ယူသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နေအိမ်တွေကို ဝင်ဖောက်သွားတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းပြန်ထွက်စဉ် “PDF တွေကို လက်ခံရင် ရွာကိုဖျက်ပစ်မယ်”ဆိုတဲ့ ခြိမ်းခြောက်စာသားတွေ ရေးသားသွားတာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ရှင်မုတ္ထီးကျေးရွာထဲ ထပ်မံရှိရောက်ပြီးနောက် နေအိမ်တွေကို ဝင်ရောက်စစ်ဆေးချိန် ကြောက်လန့်တကြားထွက်ပြေးသွားတဲ့ အသက် ၅၀ အရွယ် ဒေါ်မြင့်ဆိုသူကို ပစ်သတ်သွားခဲ့တာပါ။

ကင်းရှေ့၊ ရှင်မုတ္ထီး၊ ရှမ်းမတွင်း၊ ရောင်းမော်နဲ့ ပလွေရှောင်းကျေးရွာကို စစ်ကြောင်းပတ်ထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ ပေါက်တိုင်းတံတားမှာ ပြန်လည်တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာတာကြောင့် အဲဒီကျေးရွာ ၅ ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တချို့ဒေသခံတွေကတော့ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်ဝင်ရောက် နေထိုင်နေကြတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့တုန်းကလည်း လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံံတွေပိုင်တဲ့ ဆိုင်ကယ်အစီး ၂၀ ကျော်နဲ့တဲ ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆန္ဒပြမှုတွေဆက်လုပ်ရင် ဒီထက်ပိုဆိုးမယ်လို့ ခြိမ်းခြောက်စာရေးသားခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.