ကျိုက်မရော၊ နိုဝင်ဘာ ၃၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နှစ်ပတ်အတွင်း စစ်ရှောင်ဒုက္ခသည် နှစ်သောင်းကျော်အထိ တိုးလာပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်ပြည်သူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ရေးအရ အရေးပါတဲ့ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွတံတားဂိတ်စခန်းနဲ့ ရဲစခန်းတို့ကို တော်လှန် ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နိုဝင်ဘာ ၂၉ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ချောင်းနှစ်ခွ၊ မယ်ကရို၊ကျောက်ကွဲ၊ ပေါလော၊ လှကဇိုင်း၊ တောင်ကလေး၊ ကော့စပ်အပါ အဝင် ကျေးရွာ ၂၀ နီးပါးက ဒေသခံနှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ မုဒုံနဲ့ကျိုက်မရောမြို့ပေါ်အပါအဝင် ဘေးလွတ်ရာဆွေမျိုးနေအိမ်တွေကို ပြောင်းရွှေ့လာကြပြီး အများစုဟာ ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ကွက်ကျေးရွာအတွင်းရှိ ဓမ္မာရုံတွေမှာ နေထိုင်နေကြတာပါ။

ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ရက်ရှည်ကြာလာတာ၊ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စားနပ်ရိက္ခာအပြင် အခြေခံဆေးဝါးတွေကအစ ဝယ်ယူဖို့ အခက်အခဲရှိလာတယ်လို့ ချောင်းနှစ်ခွကျေးရွာ စစ်ရှောင်ပြည်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာလည်း ကျိုက်မရောတိုက်ပွဲဟာ ချောင်းနှစ်ခွကျေးရွာကနေ မယ်ကရိုဘက်ခြမ်းအထိ စစ်ဘောင်ပိုကျယ်လာသလို စစ်ကောင်စီတပ်ကလည်း တောင်ကလေးအပါအဝင် သူတို့တပ်စွဲထားတဲ့ ကျေးရွာအတွင်းရှိနေတဲ့ ဒေသခံတွေကို ထွက်ခွာကြဖို့ ပြောဆိုတာတွေ ရှိလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာ တောင်ကလေး၊ကဒါနဲ့ ဖနုံကျေးရွာဘက်ခြမ်းမှာ တပ်အင်အား ၇၀၀ နီးပါး တပ်ဖြန့်ထားပြီး တိုက်ပွဲအတွက် လက်နက်ကြီးတွေ အခိုင်အမာတပ်ဆင်ထားတာ ဖြစ်ပါတယ်။

အချိန်နှစ်ပတ်ကျော်ကြာ ဖြစ်ပွားလာတဲ့ ကျိုက်မရောတိုက်ပွဲအတွင်း အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးထားပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ နေအိမ် ၁၀၀ နီးပါး ထိခိုက်ပျက်စီးထားတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

ကျိုက်မရောတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က တပ်ရင်းမှူးတစ်ဦးအပါအဝင် ၄၀ ထက်မနည်းသေဆုံးထားပြီး လက်နက်ချအညံ့ခံသူ ၃၂ ဦးအထိ ရှိလာတယ်လို့ တော်လှန်ရေအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.