ရန်ကုန် – နိုဝင်ဘာ ၂၉

ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အင်းစိန်အထူးသီးသန့် တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၁၂၄ဃ ၊ ပုဒ်မ ၅၀၅ က တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ၂၈ ရက်နေ့ကက စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေက ဦးရဲထွဋ်ကို ဖမ်းဆီးဖို့ လှုံ့ဆော်မှုတွေပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ပြီး တိုင်တန်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဦးရဲထွဋ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာက ဝေဖန်ရေးသားမှု တွေပြုလုပ်ခဲ့သူဖြစ်တဲ့အတွက် အခုလိုထောင်ဒဏ်ချမှတ်ခံရတာဖြစ်တယ်လို့ လေ့လာသူတွေ က ဆိုထားပါတယ်။

စစ်ကောင်စီက ဦးရဲထွဋ်ကို အစိုးရအမှုထမ်းတွေရဲ့ တာဝန်ဝတ္တရားတွေကို ဟန့်တားတာ ဒါမှမဟုတ် နှောင့်ယှက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ ဃနဲ့ ထောင်ဒဏ် ၇ နှစ်၊ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု ဖြစ်စေဖို့ မမှန်သတင်းတွေဖြန့်ဝေတယ်ဆိုတဲ့ စွဲချက်အတွက် ပုဒ်မ ၅၀၅ က နဲ့ ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၁၀ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဦးရဲထွဋ်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သီးခြားထုတ် ပြန်ထားတာမရှိသေးသလို သံလွင်တိုင်းမ်က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media (ဦးရဲထွဋ်ကို ဖမ်းဆီးခဲ့စဉ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.