ဘန်ကောက်၊ နိုဝင်ဘာ ၃၀

လူနေမှုစရိတ်တိုးမြင့်လာမှုကို ဖြေရှင်းနိုင်ဖို့အတွက် အငယ်တန်းအစိုးရအရာရှိတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လစာ ၁၀ ရာခိုင်နှုန်း တိုးပေးမယ့် နိုင်ငံဝန်ထမ်းများဝန်ဆောင်မှုကော်မရှင် (OCSC) ရဲ့ အဆိုပြုချက်ကို ထိုင်းအစိုးရ အဖွဲ့က အတည်ပြုလိုက်ပါတယ်။

လာမယ့်နှစ် ဧပြီလမှာ စတင်မယ့် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုပြီးနောက် အဲဒီလစာတိုးမြှင့်မှုဟာ မေလက စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

နိုင်ငံဝန်ထမ်းများဝန်ဆောင်မှုကော်မရှင် (OCSC) ရုံးတာဝန်ခံဖြစ်တဲ့ ဒုတိယဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟီဒါ နူကာရက်က အငယ်တန်းဝန်ထမ်းတွေအတွက် လစာတိုးပေးရေး အဆိုကို တင်သွင်းခဲ့တာပါ။

ဝန်ကြီးပန်ပရီဦးဆောင်တဲ့ အစောပိုင်းက ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အငယ်တန်းအရာရှိတွေရဲ့ လစာကို ၁၀ ရာခိုင်နှုန်းတိုးမြှင့်ရေး အဆိုပြုချက်ကို နိုင်ငံဝန်ထမ်းများဝန်ဆောင်မှုကော်မရှင် (OCSC) ၊ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC)၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ဘတ်ဂျက်ဗျူရိုတို့က ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုလစာငွေတိုးမြှင့်မှုဟာ အသစ်ခေါ်ယူထားတဲ့ ဝန်ထမ်းတွေအတွက် ဘတ်ငွေ ၁၈၀၀၀ စတင်ပေးအပ်ဖို့ဖြစ်ပြီး လက်ရှိ ဝန်ထမ်းတွေအတွက်လည်း သတ်မှတ်ထားတဲ့လစာကို တိုးမြှင့်ပေးမှာဖြစ်တယ်လို့ NESDC ရုံးမှ အထွေထွေအတွင်းရေးမှူး ဒနူချာ ပီချာရန်နန်က မှတ်ချက်ပြုခဲ့ပါတယ်။

ရသုံးမှန်းခြေငွေစာရင်းဗျူရိုနဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေက လစာတိုးမြှင့်ခြင်းအတွက် ဘတ်ဂျက်အရင်းအမြစ်တွေကို ဆွေးနွေးရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။  

ထိုင်းနိုင်ငံမှာ ကျောင်းဆရာနဲ့ ပညာရေးဝန်ထမ်း ၄၂၇၀၀၀ ဦး၊ အစိုးရဝန်ထမ်း ၄၂၁၀၀၀ ဦးနဲ့ တပ်မတော်သား ၃၂၅၀၀၀ ဦးတို့ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၁ဒသမ ၆၈ သန်းခန့် တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။

Ref: Vietnamplus

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.