လွိုင်ကော် – နိုဝင်ဘာ ၂၉
ကရင်နီပြည်နယ်၊လွိုင်တော်တက္ကသိုလ် ပါမောက္ခချုပ်၊ဒုပါမောက္ခချုပ်အပါအဝင် ၅ ဦးနဲ့ မိသားစုဝင်တွေကို မတရားအသင်း စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့အတွက်တရားစွဲဆိုထားတယ်လို့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီIEC က အသိပေးထားပါတယ်။
သူတို့တွေကို ကရင်နီရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားပြီးနောက် သက်ဆိုင်ရာ တရားစီရင်ရေးဌာနကို လွှဲပြောင်းကာ ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။
IEC ဟာ လွိုင်ကော်တက္ကသိုလ်က ကယ်ထုတ်ခဲ့တဲ့ Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို Non CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ် လို့သိရပါတယ်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ မတရားအသင်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဓိကတာဝန်ရှိသူတွေကို တရားစွဲခဲ့တာဖြစ်တယ်လို့ အသိပေးထား ပါတယ်။
စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်တဲ့ တပ်မိသားစုဝင် ၃ ဦးကိုတော့ စစ်ဘက်ဆိုင်ရာ အက်ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရေးကိစ္စတွေကို ဆက်လက်ဆောင်ရွက်ပြီး စစ်ခုံရုံးကို လွှဲကာ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ပတ်သက်မှုမရှိတဲ့ Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၉၃ ဦးကို တော့ စစ်ကောင်စီရဲ့ ယန္တရားတွေမှာ မပါဝင်ဖို့၊ကျောင်း/ရုံးတွေနဲ့ အဆက်အသွယ်မလုပ်ဖို့အပြင် ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူနဲ့ ရပ်တည်ဖို့ ခံဝန်ထိုးခိုင်းကာ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အပြီး သတ်ပြည်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးအရှိန်မြင့်လာဦးမှာဖြစ်တဲ့အတွက် ကရင်နီပြည်နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ၊စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့ရပ်တည်ကာ တော်လှန်ရေး အင်အားစုတွေနဲ့ အမြန်ဆုံးပူးပေါင်းဖို့ IEC က သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – IEC(Non CDM ဝန်ထမ်းတွေကို ကယ်ထုတ်ပေးနေစဉ်)