နေပြည်တော်၊ နိုဝင်ဘာ ၂၉
ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကျန်ရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေအားလုံး အချိန်မနှောင်းခင် လက်နက်ချအလင်းဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေ ပူးတွဲတိုက်တွန်းလာပါတယ်။
အဲဒီတော်လှန်ရေးအင်အားစုတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားအဖွဲ့ အစည်းတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကချင်အဖွဲ့ (KBEZ) ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တို့ ပါဝင်ပါတယ်။
ထုတ်ပြန်ချက်အရ စစ်တပ်ကသာ ပြည်ထောင်စုမပြိုကွဲအောင် ထိန်းသိမ်းစောင့်ရှောက်နေရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်တွေ့မှာ လက်တဆုပ်စာ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုသာ နိုင်ငံရေး၊ စီးပွားရေး အခွင့်ထူးခံနေတာလို့ ဆိုပါတယ်။
ပြည်သူလူထုနဲ့ စစ်တပ်ယန္တရားအပေါ် အဆင့်ဆင့်ဂုတ်သွေးစုပ်ပြီး အမြဲဗိုလ်ကျလွှမ်းမိုးခဲ့တဲ့ စစ်အာဏာရှင်ခေတ်စနစ်ကလည်း လုံးဝချုပ်ငြိမ်း ပျောက်ကွယ်သွားတော့မှာဖြစ်တာကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံ တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွ ပြတ်သားစွာရပ်တည်ဖို့ အချိန်ကျရောက်နေပြီလို့ ဖော်ပြပါတယ်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးမှာ အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ဖို့ မဟုတ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အချိန်မီလက်နက်ချကြဖို့ ပန်ကြားတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီနေ့ အချိန်ခါမှာ ကျွန်တော်တို့အနေနဲ့ ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်ရေးကို လုပ်နေတာဖြစ်တယ်။ အဲဒီခေတ်စနစ်ပြောင်းအောင်လုပ်တဲ့ တော်လှန်ရေးမှာ ကျွန်တော်တို့အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ဖို့ မဟုတ်ဘူး။ အဓိကတော့ ကျွန်တော်ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်ရေးကို ဆင်နွှဲရတာဖြစ်တယ်။ အဲဒီအတွက် အခုလိုမျိုး ဘက်ပြောင်းပြီးတော့ ပြည်သူ့ရင်ခွင်ခိုလှုံလာကြမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ နှစ်ဖက်စလုံးအတွက် ကောင်းတယ်။ ဒါကြောင့် အချိန်မီလက်နက်ချကြဖို့ဆိုတဲ့ဟာကို ပန်ကြားတာဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပအိုဝ်းပြည်သူ့စစ်တွေအနေနဲ့လည်း စစ်ကောင်စီလက်အောက်မှာ လက်နက်ကိုင်တိုက်ပွဲဝင်နေရတာရှိတဲ့အတွက် အဲဒီခေါင်းဆောင်တွေ ပြည်သူ့စစ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာတွေ ရပ်တန့်ကြဖို့ ပြည်သူ့ရင်ခွင်ကို ခိုလှုံကြဖို့ သူက တိုက်တွန်းပါတယ်။
ဒီကနေ့အချိန်ဟာ အားလုံးက တန်းတူရေး၊ ညီညွတ်ငြိမ်းချမ်းရေးနဲ့ အပြန်အလှန်လေးစားအသိအ မှတ်ပြုတဲ့လူ့ အသိုင်းအဝိုင်း တည်ဆောက်ရေးအတွက် ခေတ်ပြောင်း၊ စနစ်ပြောင်းပြီး ပြည်ထောင်စုသစ်ထူထောင်ဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းနေတဲ့ အခါသမယဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
စစ်အုပ်စုကို စွန့်ခွာပြီးပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့ တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့ စစ်တွေအတွက် အနာဂတ်ပြည်ထောင်စုသစ်ရဲ့ လူ့အဖွဲ့အစည်းမှာ ဂုဏ်သိက္ခာရှိစွာ ဆက်လက်ရပ်တည်နိုင်ဖို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်မူဝါဒ ချမှတ်အကောင်အထည်ဖော်နေတဲ့အချိန်ကောင်းလည်းဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
စစ်မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေထံလက်နက်အပ်နှံပြီးပြည်သူကိုသာ သစ္စာခံမယ့်အကြောင်း သဘောထား ဖော်ပြလာသူတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ ညှင်းပန်းနှိပ်စက် ပြုမှာမဟုတ်ဘဲ မိသားစုထံ ပြန်လိုရင် ပြန်နိုင်ဖို့ကူညီစီစဉ်ပေးမှာ ဖြစ်ပါတယ်။
မိသားစုဝင်တွေအတူပါလာရင် သူတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးကို တာဝန်ယူပြီး လူ့အဖွဲ့အစည်းအတွင်း ပြန်လည်အခြေချနေထိုင်နိုင်ဖို့ လိုအပ်တဲ့ထောက်ပံ့မှုတွေကို အစွမ်းကုန်ကူညီပေးမယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
ဒါကြောင့် တစ်ဦးချင်းဖြစ်စေ၊ တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ တွေ၊ ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေထံ ဆက်သွယ်ပြီးအချိန်မနှောင်းခင် ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်းနှိုးဆော်ထားတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံထားတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာပထမအပတ်အတွင်း ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI