ဂါဇာ၊နိုဝင်ဘာ ၃၀
ဂါဇာကမ်းမြောင်ဒေသရှိ ကလေးတွေမှာ ကူးစက်ရောဂါနဲ့ ဝမ်းရောဂါတွေ တိုးလာနိုင်တာကြောင့် ဗုံးကြဲတိုက်ခိုက်မှုတွေထက် လူသေဆုံးမှုပိုများလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဂါဇာအာဏာ ပိုင်တွေက အတည်ပြုထားပြီး ၄၀ ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်ကာ တချို့တွေက အပျက်အဆီးတွေအောက် ထပ်မံပျောက်ဆုံးသွားမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဂါဇာကိုထိန်းချုပ်ထားတဲ့ ဟားမတ်စ်အစ္စလာမ်မစ်အဖွဲ့ရဲ့ အောက်တိုဘာ ၇ ရက်နေ့က နယ်စပ် ဖြတ်ကျော်တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၂၀၀ လောက်သေဆုံးကာ သုံ့ပန်း ၂၄၀ ဖမ်းဆီးခံခဲ့ရ တာကြောင့် အစ္စရေးဘက်က အမြစ်ဖြတ်ချေမှုန်းဖို့ ကတိပြုခဲ့တာပါ။
“ဒီကျန်းမာရေးစနစ်ကို ပြန်မပြုပြင်နိုင်ရင် ဗုံးကြဲခံရတာထက် ရောဂါ ဘယနဲ့ သေတဲ့လူတွေ ပိုများလာတာကို တွေ့ရလိမ့်မယ်”လို့ WHO ပြောခွင့်ရ မာဂရက်ဟားရစ်က ဂျီနီဗာမှာ ပြုလုပ်ခဲ့တဲ့ ကုလရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။
မွေးကင်းစကလေးတွေနဲ့ ကလေးသူငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဟာ အထူးသဖြင့် နိုဝင်ဘာလအစောပိုင်းမှာ ပုံမှန်အဆင့်ထက် အဆ ၁၀၀ ကျော်အထိတိုးလာတဲ့အတွက် ကူးစက်ရောဂါတွေ စိုးရိမ်နေရတာဖြစ်တယ်လို့ သိရပါတယ်။
“နေရာတိုင်းက လူတွေအားလုံးဟာ လာရောက်စုပြုံနေကြပြီး သန့်ရှင်းတဲ့ရေမရှိဘဲ ငတ်ပြတ်နေ တဲ့အတွက် အခုချိန်မှာတော့ ကျန်းမာရေး လိုအပ်ချက်တွေ ရှိနေပါတယ်” လို့ သူမက ပြောပါသေးတယ်။
တိုက်ပွဲတွေ ခေတ္တရပ်နားစဉ်ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေအရ အစ္စရေးဟာ ဂါဇာကမ်းမြောင် ကို ရိက္ခာ၊ရေနဲ့ ဆေးဝါးတွေအပါအဝင် အကူအညီတွေ ပိုမိုဝင်ရောက်နိုင်ဖို့ ခွင့်ပြုထားပေမယ့် ကြီးမားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လုံလောက်မှုမရှိသေးဘူးလို့ ကယ်ဆယ်ရေး အေဂျင်စီတွေက ပြောဆိုထားပါတယ်။
ဆေးရုံတွေမှာ မီးလောင်ဒဏ်ရာရသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ညစ်ညမ်းတဲ့ ရေကို သောက်သုံးရတာကြောင့် ဝမ်းရောဂါရနေတဲ့ ကလေးတွေ ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂ ကလေးများအေဂျင်စီရဲ့ ပြောခွင့်ရ ဂျိမ်းအဲလ်ဒါက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ဒါ့အပြင် ဆေးရုံတွေမှာ ဆေးဝန်ထမ်းမလုံလောက်တဲ့အတွက် ဆေးရုံကြမ်းပြင်မှာ နာရီအတော်ကြာ လဲလျောင်းနေတဲ့ ကလေးငယ်တွေ၊ ကားပါကင်တွေနဲ့ ပန်းခြံအပြင်ဘက်ရှိ ယာယီနေရာတွေမှာလည်း တခြားဒဏ်ရာရ ကလေးငယ်တွေရှိနေတယ်လို့ သိရပါတယ်။
ဂါဇာမြောက်ပိုင်းရှိ အဲလ်ရှီဖာဆေးရုံပြိုကျမှုကို ကြေကွဲစရာ အဖြစ်ဖော်ပြခဲ့ပြီး WHO ရဲ့ ယာဉ်တန်းထဲက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတချို့ကို အစ္စရေးတပ်ဖွဲ့တွေ ထိန်းသိမ်းထား တာနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ ဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ လောင်စာဆီမရှိတာနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ဂါဇာမှာရှိတဲ့ ဆေးရုံ လေးပုံ သုံးပုံလောက်ဟာ လုံးဝပိတ်ထားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
Ref: Asiaone