ကျိုက်ထို၊ နိုဝင်ဘာ ၂၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံးကို နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က တိုက်ခိုက်ခံရတာကြောင့် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ မြေစာရင်းရုံးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီး ၄၀ မမနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်အတွင်း လက်နက်ကြီး ၄၀ မမ ကျည်တစ်လုံး မြေစာရင်းရုံးအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။

လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ မြေစာရင်းဝန်ထမ်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ ဒီတိုက်ခိုက်မှုဟာ မြေစာရင်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဓိကရည်ရွယ်တာလို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်မြေစာရင်းရုံးမှာ ပြီးခဲ့တဲ့လကစပြီး စစ်ကောင်စီတပ်က လာရောက်တပ်စွဲထားပြီး အင်အားအရေအတွက် အတိအကျ မသိရသေးပါဘူး။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အခုနိုဝင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင် အားစုတို့ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က ခံစစ်အတွက် ပြင်ဆင်တာတွေ လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.