မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “စစ်အုပ်စုရဲ့ ရွှေကျင်တောင်ခြေစခန်းသိမ်းခံရတာမဟုတ်ဘူး။ PDF ၇၀ကျော် သေတယ်“ဆိုတဲ့ အ ကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို နိုဝင်ဘာလ၂၀ရက်နေ့က မှိုင်းဝေ၊ Kyaw Swars၊ ဟန်ငြိမ်းဦးစတဲ့ ဖေ့ဘုတ်လူမှုကွန်ရက်၊ တယ်လီဂရမ်ချန်နယ်တွေ၊ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်မှာတော့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၅၁ တပ်ရင်း၏ တောင်ခြေရင်းစခန်းတခုကို နိုဝင်ဘာလ၁၇ရက်နေ့ နံနက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း လွတ်လပ်သောသတင်းဌာနများနဲ့ BPLAရဲ့ သတင်းထုတ်ပြန်ချက်အရ စိစစ်တွေ့ရှိရပါတယ်။
ရွှေကျင်မြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ကျားချောင်းရွာအနီးမှာရှိတဲ့ စစ်အုပ်စုတပ်စခန်းကို KNLAနှင့် BPLAတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် မိနစ် ၂၀ ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအားလုံး စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် BPLA သတင်း ထုတ်ပြန်ချက်အရ စိစစ်တွေ့ရှိရပါတယ်။
BPLA ထုတ်ပြန်ချက်
Irrawaddy သတင်းဌာနကဖော်ပြထားတဲ့သတင်းလင့်
Myanmar nowသတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “စစ်အုပ်စုရဲ့ ရွှေကျင်တောင်ခြေစခန်း သိမ်းခံရတာမဟုတ်ဘူး။ PDF ၇၀ ကျော်သေတယ်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်