ကျိုက်ထို၊ နိုဝင်ဘာ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တံတားချောင်းကျေးရွာထဲကို စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် Non CDM ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က ကျိုက်ထို-ကင်မွန်းချောင်းကားလမ်း၊ ဝင်းကလော့လမ်းဆုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ တံတားချောင်းကျေးရွာထဲကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာအိပ်နေတဲ့ အသက် ၃၂ အရွယ် Non CDM ဆရာမ ဒေါ်သီသီဟာ ယာဘက်နံစောင်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးထိမှန်သွားတဲ့ ဆရာမကို ကရင်အမျိုးသားအစည်းအရုံး KNU ဆေးဌာနကနေ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ မူလတန်းပြဆရာဖြစ်တဲ့ Non CDM ဆရာမ ဒေါ်သီသီဟာ KNU အုပ်ချုပ်နယ်မြေ တံတားချောင်းကျေးရွာ စာသင်ကျောင်းမှာ စာသင်ပေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့တုန်းကလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းနယ်မြေရဲ စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.