ဂါဇာ၊ နိုဝင်ဘာ ၂၄
ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ လေးရက်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး စစ်သွေးကြွတွေဖမ်းဆီးထားတဲ့ ဓားစာခံတွေနဲ့ အစ္စရေးမှာ အကျဉ်းချခံထားရတဲ့ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးကြမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့မှာ အပစ်ရပ်ဖို့မျှော်လင့်ထားကြသလို ဓားစာခံတွေလွှတ်ပေးရေး သဘောတူညီမှုအနည်းဆုံး သောကြာနေ့အထိရွှေ့ဆိုင်းထားတယ်လို့ အစ္စရေး အမျိုးသားလုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ တာဇာချီ ဟန်နက်ဘီက ဆိုပါတယ်။
လေးရက်ကြာ အပစ်ရပ်စဲရေးမစတင်ခင် အစ္စရေးနဲ့ ဟားမတ်စ်တို့အနေနဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ လိုအပ်မှာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုက Times of Israel သတင်း ဌာနကို ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ဆွေးနွေးမှုတွေ အရှိန်မြှင့်ပြီး လုပ်ဆောင်နေပါတယ်၊ လွှတ်ပေးရေး လုပ်ငန်းစဉ် စတင်တာက နှစ်ဖက်စလုံးရဲ့ မူလသဘောတူညီချက်အရ သောကြာနေ့ မတိုင်ခင်မှာဘဲ ပြုလုပ်မှာ ဖြစ်ပါတယ်” လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
စေ့စပ်ညှိနှိုင်းမှုတစ်ခုလုံးမှာ အစ္စရေးအကျဉ်းထောင်မှ လွှတ်မြောက်လာသူတွေထဲက တချို့ဟာ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို ကျူးလွန်သူတွေပါဝင်လာမှာကို စိုးရိမ်မှုတွေရှိပေမယ့် ဓားစာခံ သဘောတူညီချက်မှာ လူသတ်သမားတွေ မပါဝင်ဘူးလို့ အစ္စရေးဝန်ကြီးချုပ်က အသိပေးထားပါတယ်။
လက်ရှိမှာတော့ ပါလက်စတိုင်း အမျိုးသမီးနဲ့ ကလေး ၃၀၀ ဟာ အစ္စရေးအကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရပြီး အဲဒီထဲက တချို့နဲ့ ဟားမတ်စ်ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံ ဒါဇင်နဲ့ချီကို လဲလှယ်ဖို့ မျှော်လင့်ထားတာပါ။
ဂါဇာကမ်းမြောင်ဒေသမှ လွတ်မြောက်လာမယ့် ပထမဆုံးနေ့မှာ လူ ၁၀ ဦးကို တာဝန်ရှိသူတွေက စာရင်းပြုစုထားပြီး အဲဒီထဲမှာ အမေရိကန်နိုင်ငံသား ၃ ဦးပါဝင်တယ်လို့ သိရပါတယ်။
နှစ်ဘက်လုံးက ဓားစာခံလဲလှယ်ဖို့ အသေးစိတ်ဖော်ပြထားတာမရှိပေမယ့် ဓားစာခံတွေကို ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ သတင်းဌာနတွေက အစီရင်ခံထားပြီး သူတို့ကို အီဂျစ်နယ်စပ်ကို ခေါ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဆိုထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးတာနဲ့ စစ်ပွဲပြန် လည်စတင်မှာဖြစ်တယ်လို့ နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အစ္စရေးဟာ ဟားမတ်စ်တို့ကို နှိမ်နင်းပြီး ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံ ၂၄၀ ဦးကို ပြန်လည် ရရှိဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောထားပါတယ်။
Ref: UPI