ကော့ကရိတ်၊ နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ မြို့တော်ဦးဘုန်းကြီးကျောင်းအနီး စစ်ကောင်စီတပ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖိုး ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ကနေ နိုဝင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ အတွဲလိုက် လက်နက်ကြီး ၆ လုံးထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ် ၂ လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၀ အရွယ် ဦးထွန်းရင်(ခေါ်)ဦးကုလားနဲ့ မြေးဖြစ်သူ မောင်ဖြိုးမင်းခန့်တို့ ၂ ဦး ကျည်စထိမှန် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် သားဖြစ်သူ ကိုခန့်မိုးဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကိုခန့်မိုးဦးဟာ ညာဘက်ပေါင် ကျည်စဖောက်ဝင်ဒဏ်ရာရရှိခဲ့တဲ့အတွက် ကော့ကရိတ်ဆေးရုံထံ ပို့ဆောင်ထားရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာပထမအပတ်တုန်းကလည်း ကော့ကရိတ်မြို့ အမှတ်(၁) ရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစု ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကော့ကရိတ်မြို့တွင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဘက်ကလည်း နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာပါ။

တိုက်ပွဲတွေနဲ့အတူ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေဟာမြို့ကိုစွန့်ပြီး ကရင်ပြည်နယ် ဘားအံမြို့ပေါ် အပါအဝင် ဘေးလွတ်ရာ တခြားဒေသတွေထံ ပြောင်းရွှေ့နေထိုင်တာတွေ ရှိနေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေသူတွေအနေနဲ့ တစ်ပတ်အတွင်း အမြန်ဆုံးထွက်ခွာကြဖို့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.