ကျိုက်မရော၊ နိုဝင်ဘာ ၁၂

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ချောင်းနှစ်ခွကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ တံတားဂိတ်စခန်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ ဒီနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာလည်း ထပ်မံဖြစ်ပွားနေပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ တိုက်ပွဲအတွင်း ပိတ်မိနေတာဖြစ်ပါတယ်။

ဒေသခံတစ်ဦးကတော့ နှစ်ဖက်တိုက်ပွဲကြောင့် ဘယ်သူမှနေအိမ်အပြင် မထွက်ရဲသလို တချို့နေအိမ်တွေဆိုရင် မီးခိုးမြင်ရင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှာစိုးရိမ်တာကြောင့် ထမင်းတောင် ချက်မစားရဲကြဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲတွေဆက်လက် ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေချင်ကြပေမယ့် နှစ်ဖက်တပ်တွေရဲ့ ပိတ်ဆို့မှုကြာင့် စစ်ရှောင်ဖို့ အခက်ကြုံနေရတာပါ။

ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တိုက်ခိုက်ရေး လေယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်သွားသလို မုဒုံအခြေစိုက် စစ်ကောင်စီအမြောက်တပ်ကလည်း လက်နက်ကြီး အဆက်မပြတ်ပစ်ကူပေးခဲ့တာ ဖြစ်ပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲမှာ လက်နက်ကြီးထိမှန်တာကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးထားသလို ဒေသခံအမျိုးသားတစ်ဦးမှာလည်း မိုင်းစထိမှန်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေအပြင် စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။

ချောင်းနှစ်ခွဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက် ကျိုက်မရော-ကြာအင်းဆိပ်ကြီးကားလမ်းအသုံးပြုခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.