တိုကျို၊ နိုဝင်ဘာ ၈
ဂါဇာမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ပါလက်စတိုင်းတွေ ကြုံတွေ့နေရတဲ့ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်ကို ကူညီပေးနိုင်ဖို့အတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၆ သန်းနီးပါး ထောက်ပံ့ပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါက ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး အစီအစဉ်နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနဲ့ဂျော်ဒန်ကို အလည်ပတ်ရောက်နေချိန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူအနေနဲ့ အစ္စရေးနဲ့ပါလက်စတိုင်း နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး ဂျပန်အစိုးရဟာ စစ်ပွဲဒဏ်သင့်နေတဲ့ ဂါဇာကို ရုပ်ဝတ္ထုပစ္စည်းအကူအညီကို ပေးအပ်ဖို့ စီစဉ်နေတယ်လို့ ဂျော်ဒန်မြို့မှာ ဂျပန်ဝန်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို နောက်ထပ်ကြေကွဲဖွယ် အကြမ်းဖက် လုပ်ရပ်မျိုး ထပ်မဖြစ်ရအောင် တားဆီးဖို့လိုအပ်ပါတယ်”လို့ ကာမီကာဝါက ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံအခြေပြုဖြေရှင်းနည်းကို ဂျပန်အနေနဲ့ ဆက်လက်ထောက်ခံတယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့တာပါ။
ဂါဇာမှာအကျပ်အတည်းတွေ မြင့်တက်လာချိန်အတွင်း စက်မှုနိုင်ငံ ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တိုကျိုမှာတွေ့မယ့် အစည်းအဝေးမတိုင်မီ အခုခရီးစဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေအတွက် စစ်ပွဲခေတ္တရပ်ရန်တောင်းဆိုမှုကို အစ္စရေးက ငြင်းဆိုထားပါတယ်။
လက်ဘနွန်မှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်က အိမ်နီးချင်းဒေသတွေသို့ ပဋိပက္ခတွေ ပျံ့နှံ့လာနိုင်တာကို သတိပေးထားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်အပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေရဲ့ ကန့်သတ်ချက်ဘောင်အတွင်း ရှိမရှိ မှတ်ချက်ပေးဖို့ သတင်းထောက်တွေရဲ့တောင်းဆိုမှုအပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါက ငြင်းဆိုခဲ့ပြီး ပါဝင်ပတ်သက်သူတွေဟာ လူ့အခွင့်အရေးကို အကာအကွယ်ပေးတဲ့ စိတ်သဘောကို လိုက်နာရ မှာဖြစ်သလို မလိုအပ်ဘဲ အရပ်သားများ သေဆုံးမှု မဖြစ်စေဖို့ကိုသာ ပြောကြားခဲ့ပါတယ်။
Ref – Reuters