ဂန့်ဂေါ – နိုဝင်ဘာ ၃

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို စတင်သိမ်းပိုက်နေပြီလို့ ကာကွယ်ရေးအင်အားစုတွေက သံလွင်တိုင်းမ် ကိုအတည်ပြုပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းကစပြီး စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်နေကာ လက်ရှိအချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံ စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။

ဂန့်ဂေါနဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေး၊တမူးဘက်မှာလည်း စစ်ကောင်စီရဲ့ စခန်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်နေတယ်လို့ သိရပြီး စခန်းအချို့ကို သိမ်းဆည်းရမိထားတာရှိတယ် လို့ သိရပါတယ်။

“မြောက်စည်းစခန်းကိုလည်းရပြီ၊ မင်းရွာစခန်းကိုလည်းရပြီ။ ခုလေကြောင်းနဲ့လာပစ်နေတယ်။ တိတိကျကျတော့ သိရဖို့ခက်သေးတယ်။ ကလေးဘက်ကစခန်းတွေကိုလည်း ရထားတာရှိတယ် ပြောတယ်။စခန်းနှစ်ခုအထက်ရပြီလို့ သိထားတယ်။” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ဟံသာဝတီပျူရွာအနီးက မြောက်စည်းရဲစခန်း၊မင်းရွာ ရဲစခန်းနဲ့ ကလေး ခမ်းပတ်စစ်ကောင်စီစခန်းတွေကို သိမ်းဆည်းရမိထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စခန်းသိမ်းတိုက်ပွဲတွေကို ABSDF၊ PDF တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဂန့်ဂေါက ပျူစောထီးကျေးရွာတွေနဲ့ စစ်ကောင်စီရဲစခန်း၊တပ်စခန်းတွေကို ကာကွယ်ရေးအဖွဲ့ တွေပိတ်ဆို့ထားတာ ရှစ်လကျော်ကြာမြင့်နေပြီဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ စခန်းသိမ်း တိုက်ပွဲတွေ စတင်ပြုလုပ်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ABSDF

ပုံစာ – ABSDF ရဲဘော်တွေ စစ်ထွက်ဖို့ပြင်နေစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.