ဝါရှင်တန်၊ နိုဝင်ဘာ ၄
အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဂါဇာဒေသက အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် အစ္စရေးနိုင်ငံကို သွားရောက်မယ့်ခရီးစဉ်မှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသကိုသွားရောက်မယ့် သူ့ရဲ့ ဒုတိယခရီးစဉ်မထွက်ခွာခင် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။
ဟားမတ်စ်စစ်သွေးကြွတွေ တိုက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် ဂါဇာကမ်းမြောင်ဒေသရဲ့ အနာဂတ်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုရရှိရေးနဲ့ ပဋိပက္ခတွေ မပြန့်ပွားရေးအတွက်လည်း အာရုံစိုက်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဟားမတ်စ်အဖွဲ့ ပြန်ပေးဆွဲထားတဲ့ ဓားစာခံ ၂၀၀ ကျော်ကို ပြန်လွှတ်ပေးနိုင်ဖို့ဟာ ဒီခရီးစဉ်ရဲ့ ဆွေးနွေးစရာ နောက်ထပ်အကြောင်းအရာတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း ဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။
“ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် လုပ်ဆောင်နိုင်မယ့် သေချာတဲ့ခြေလှမ်းတွေအကြောင်း ပြောသွားမှာပါ၊ ဒါက အမေရိကန်က ကတိပြုထားတဲ့ ကိစ္စဖြစ်တယ်၊ အသေးစိတ်ကိုတော့ ဒီမှာ မပြောတော့ပါဘူး၊ ဒါပေမယ့် အစီအစဉ်မှာတော့ အများကြီးပါ”လို့ ဘလင်ကင်က ဆိုပါတယ်။
အမေရိကန်နဲ့ တခြားသော အနောက်နိုင်ငံတွေဟာ အစ္စရေးကို အစဉ်အဆက် ထောက်ခံခဲ့ကြပေမယ့် ဂါဇာကမ်းမြောင်ဒေသက အပျက်အစီးတွေနဲ့ ရုပ်အလောင်းတွေကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ ကမ္ဘာတဝှမ်းမှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာပါ။
အစ္စရေးရဲ့ နောက်ကွယ်မှာ အမေရိကန်ပြည်ထောင်စုက အပြည့်အဝ ထောက်ခံမှုရှိနေပေမယ့်လည်း အရပ်သားသေဆုံးမှုတွေ မြင့်တက်လာပြီးနောက် ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေ ဆိုးရွားလာပြီးနောက် အမေရိကန်ရဲ့ အာရုံစူးစိုက်မှု ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
ဂါဇာမှာ ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသား ၇၉ ဦးဟာလည်း အီဂျစ်နိုင်ငံကို ဖြတ်ကျော်ဝင် ရောက်ကာ ဘေးလွတ်ရာကို ထွက်ခွာနိုင်ခဲ့သလို လာမယ့်ရက်တွေအတွင်းမှာလည်း ပိတ်မိနေသူတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းမှုတွေ ထပ်မံ ပြုလုပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဘလင်ကန်က ဆိုပါတယ်။
ဂျော်ဒန်ကို အလည်အပတ်လာရောက်မယ့် အမေရိကန် ထိပ်တန်းသံတမန်တစ်ဦးကလည်း အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပေမယ့် ထိခိုက်နစ်နာမှုကြုံနေရတဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့အတွက် နှစ်နိုင်ငံလုံးမှာ တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။
Ref: CNA