မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ဘုရားသုံးဆူ-ကန်ချနဘူရီနယ် စပ်မှာ ဝရမ်း‌ပြေး PDF ၁၇ဦး ကိုဖမ်းဆီး “ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို အောက်တိုဘာလ၁၃ရက်နေ့က Truth News ၊ MOI ၊ MRTV၊ ဟန်ငြိမ်းဦးစတဲ့ စစ်ကောင်စီလော်ဘီတွေက အောက်တိုဘာလ ၂၇ရက်နေ့က ဖေ့ဘုတ်လူမှုကွန်ရက်၊ တယ်လီဂရမ်ချန်နယ်တွေနဲ့ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ ဒီဓာတ်ပုံတွေဟာ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ဓာတ်ပုံတွေသာဖြစ်ပြီး ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်နယ်စပ်ကနေ ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပါတယ်။

ဒီမြန်မာနိုင်ငံသား ၂၀ ဦးဟာ သူတို့ မြန်မာနိုင်ငံကနေ ဘန်ကောက်လေဆိပ်ကို ဝင်ရောက်တဲ့အခါ ထိုင်းတံဆိပ်တုံး အတုရိုက်နှိပ်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ မလေးရှားနိုင်ငံကို ခိုးဝင်ဖို့ကြိုးစားခဲ့လို့ ဖမ်းဆီးခံရတာဖြစ်တယ်ဆိုတာ လွတ်လပ်သော သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ အရ စိစစ်တွေ့ရှိရပါတယ်။

အထောက်အထားမဲ့ မြန်မာအလုပ်သမား အမျိုးသား ၁၆ဦး နဲ့ အမျိုးသမီး ၄ဦး စုစုပေါင်း မြန်မာ ၂၀ ကို ထိုင်းမလေးနယ်စပ် ဆုန်ခလာခရိုင်ထဲက ချို့တီဝိထိရာကွန် Chotiwittay akul အမှတ် (၁) လမ်းမှာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဆုန်ခလာရဲက ဖမ်းမိခဲ့တာ ဖြစ်ကြောင်း အလုပ်သမားရေး လိုက်ပါဆောင်ရွက်နေတဲ့ ဦးမိုးကြိုးက ပြောကြားထားတာကို VOA သတင်းဌာနက သတင်းဖော်ပြချက်အရ စိစစ်တွေ့ရှိရပါတယ်။

အဆိုပါမြန်မာရွေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရတဲ့သတင်းကို ထိုင်းသတင်းဌာနများနဲ့ မြန်မာသတင်းဌာနများက ဖော်ပြထားတဲ့ ဓာတ်ပုံမှတ်တမ်းများကို အသုံးပြုကာ PDFများကိုဖမ်းဆီးခံရသယောင် စစ်တပ်ထောက်ခံသူတွေက သတင်းအမှားဖြန့်ဝေနေခြင်းသာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

VOA သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/sxAE2

Dawei Watch သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/anquK

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ဘုရားသုံးဆူ-ကန်ချနဘူရီနယ်စပ်မှာ ဝရမ်း‌ပြေး PDF၁၇ ဦးကိုဖမ်းဆီး” ဆိုတဲ့ အ ကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.