ရေဖြူ၊ အောက်တိုဘာ(၃၁)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ ဒေသခံနေအိမ်တွေအား မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က ရန်ကင်းကျေရွားအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကားတစ်စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။အဲဒီပူးပေါင်းစစ်ဆင်ရေးမှာ ပါဝင်တဲ့ နဂါးနီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကိုနဂါးက စစ်ကောင်စီတပ်ကို သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီးမှ အပိုင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

နဘုလယ်ဒေသထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တစ်ပတ်ကျော်ကာလအတွင်း ပြည်သူပိုင်နေအိမ် ၂၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့သလို ဒေသခံ ၄ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ရန်ကင်း၊ ဧကနိ၊ ခမောက်ချောင်း၊ ရလိုင်၊ ကုန်းသာယာ၊ မူးဒူး၊ လဲရှောင်၊ ပရဒတ်၊ ဝက်ချောင်း၊ ပုဂေါဇွန်းစတဲ့ ကျေးရွာတွေက ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ရေဖြူမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည့်သူကာကွယ်ရေးတပ်ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

ပုံစာအညွန်း – ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကမွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.