ဘန်ကောက်၊နိုဝင်ဘာ ၁
သောင်းကျန်းမှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အမိန့်ကို လာမယ့် ၂၀၂၇ ခုနှစ်မှာ ရုတ်သိမ်းပေးမယ်လို့ ထိုင်းနိုင်ငံကာကွယ်ရေး ဝန်ကြီး မစ္စတာဆူတင်ကလန်ဆန်က ပြောခဲ့ပါတယ်။
အမျိုးသားလုံခြုံရေး၊နယ်စပ်ရေးရာ၊ဗျူဟာတွေနဲ့ ပြုပြင်ပြောင်းလဲမှုများဆိုင်ရာ အောက်လွှတ်တော်ကော်မတီမှာ ဝန်ကြီး ဆူတင်က ကတိပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတောင်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို ရုတ်သိမ်းဖို့ အောက်လွှတ်တော် ကော်မတီဟာ ကာကွယ်ရေးဝန်ကြီး၊လက်နက်ကိုင်အဖွဲ့ အကြီးအကဲတွေနဲ့ အစိုးရကို တောင်းဆိုထားတာပါ။
ကာကွယ်ရေးဝန်ကြီးက ၂၀၂၇ ခုနှစ်အကုန်မှာ ဆွန်ခလာ ခရိုင်ဒေသန္တရအောက်မှာရှိတဲ့ ရာလာ၊ ပါထနီ၊နာရာထီဝတ်နဲ့ တခြားခရိုင်ခွဲ လေးခုမှာ အရေးပေါ် အမိန့်ထုတ်ပြန်မှုကို တဖြည်းဖြည်း ရုတ်သိမ်းဖို့ ကတိပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်တည်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၇၀၀၀ ကျော် သတ်ဖြတ်ခံထားရတဲ့ မငြိမ်မသက်ဖြစ်နေတဲ့ နေရာတချို့ကိုတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ လုံခြုံရေးယူဖို့ အရေးပေါ်အမိန့် လိုအပ်ဦးမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ စစ်မှုထမ်းဥပဒေကိုလည်း မကြာခင်အဆုံးသတ်မှာဖြစ်တယ်လို့ ဝန်ကြီးက ကတိပြုထားပေမယ့် နိုင်ငံတော်လုံခြုံရေးအတွက်ကိုတော့ မူဝါဒတစ်ရပ် လိုအပ်နေသေးတယ်လို့ အသိပေးထားပါတယ်။
နိုင်ငံ့လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်ပြီး ထိုင်းတော်ဝင်ရေတပ် ဝယ်ယူထားတဲ့ တရုတ်ရေငုပ်သင်္ဘော ကို တိုက်သင်္ဘောနဲ့ ပြန်လည်လဲလှယ်ဖို့ အစီအစဉ်ဟာ ကုန်ကျစရိတ်ထပ်မပေးသင့်ဘူးလို့ အောက်လွှတ်တော်က ထောက်ပြထားပြီး ကာကွယ်ရေးဝန်ကြီးရဲ့ အစောပိုင်းပြောဆိုချက်အရ တိုက်သင်္ဘောနဲ့ ပြောင်းလဲဝယ်ယူဖို့ နောက်ထပ် ဘတ်တစ်သန်းလောက်ကုန်ကျနိုင်တယ်လို့ သိရပါတယ်။
အမျိုးသားလုံခြုံရေး၊နယ်စပ်ရေးရာ၊ဗျူဟာတွေနဲ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အောက်လွှတ် တော်ကော်မတီက အရေးတကြီးကိစ္စရပ်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲတွေနဲ့ ကော်မတီကြား တိုက်ရိုက်ဆွေးနွေးနိုင်မယ့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်လှစ်ဖို့ ထိုင်းကာကွယ်ရေး ဝန်ကြီးက ကတိပြုထားပါတယ်။
Ref :The Nation Thailand