ဒီပဲယင်း – အောက်တိုဘာ(၃၁)

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၈) ဦးကို အကြောင်းမရှိဘဲ ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၁) ရက်နေ့ကနေ (၂၈) ရက်နေ့အတွင်း ဒီပဲယင်းအနောက်ခြမ်းကို စစ်ကြောင်းထိုးပြီး ပြည်သူ (၁၉) ဦးကိုဖမ်းဆီးသွားခဲ့ကာ အဲဒီထဲက (၈) ဦးသတ်ဖြတ်ခံခဲ့ရတာပါ။

“လတ်တလော စစ်ကောင်စီစစ်ကြောင်းက ရေဦး ဒီပဲယင်းနယ်စပ် မုတ်ဆီ တစ်ဝိုက်မှာ ဝပ်နေပါတယ်။မနေ့ညကလည်း ဒီပဲယင်းကနေ ဝင်ပစ်လို့ မစိုးရိမ်ရွာက ပြည်သူအထိအခိုက်ရှိ တယ်လို့သိရတယ်။ အသေးစိတ်တော့မသိရသေးဘူး။” လို့ ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူတွေထဲမှာ အသက်(၆၀) အရွယ် အမျိုးသားတစ်ဦး ခေါင်းဖြတ်ခံရတာ၊အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦး ဗိုက်ခွဲ ခြေလက် ဦးခေါင်း ဖြတ်ခံရတာတွေ ရှိခဲ့ပြီး သူတို့တွေဟာ ဘယ်သူဆိုတာတေ့ အတည်မပြုနိုင်သေးဘူးလို့ သူက ပြောပါသေးတယ်။

အဲဒီစစ်ကြောင်းမှာ အင်အား (၁၀၀) ဝန်းကျင်ပါလာပြီး စစ်ကြောင်းတလျှောက်က ကျေးရွာမှာ နေထိုင်တဲ့ ပြည်သူတစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကြောင်းတလျှောက်မှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေလည်း ပြန်လည်လွတ်မြောက်လာတာ မရှိသေးသလို စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေလည်း စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ ပုံစာ – ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ညတွင်းချင်းထွက်ပြေးရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.