“သူတို့(စကစ)က တောင်ပိုင်း KNU ကို ရစရာမရှိအောင် ခြေမွှပြီးမှ မြောက်ပိုင်းပြန်လာတိုက်တာ။ ဘယ်သူက ထောင်ခြောက်ထဲဝင်တော့မလဲ။ တိုက်စရာရှိတာ တိုက်တော့မှာပေါ့”
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ လို့ အမည်ပေးထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ နှိမ်နင်းရေး စစ်ဆင်ရေးဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့ပြီး ကနဦးစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်း ပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားပါတယ်။ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက် ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အပစ်ရပ်ပြီး နှစ်ဖက်ဆွေးနွေးတာတွေ ပြုလုပ်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အောက်တိုဘာ ၂၇ ရက်နေ့မှာ တိုက်တွန်းပါတယ်။
တရုတ်ရဲ့ တိုက်တွန်းမှုကြောင့် နှစ်ဖက်တိုက်ပွဲ အလားအလာ၊ နိုင်ငံတဝှမ်းလုံးနီးပါး စစ်စာမျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေအနေ၊ နွေဦးတော်လှန်ရေးအပေါ် တိုက်တွန်းချက်တွေနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံးအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲကို တရုတ်ဘက်က အပစ်ရပ်ပြီး ဆွေးနွေးကြဖို့ ပြောတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဒေါက်တာလှကျော်ဇော – တွေ့ဆုံဆွေးနွေးရေးလုပ်ပါလို့ တရုတ်ဘက်ကပြောတာ တရုတ်နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူကပြောတာ။ သူတို့ပြောလေ့ပြောထရှိတဲ့ ပြောနည်းပဲလေ။ ဘယ်ကိစ္စမဆို အကြမ်းဖက်တာ နဲ့ မဖြေရှင်းပါနဲ့။ တွေ့ဆုံဆွေးနွေး အဖြေရှာပါဆိုတာ သူမပြောလည်း ကျွန်မတို့က တိုက်ချင်လို့ တိုက်တာမ ဟုတ် ဘူး။ တွေ့ဆုံဆွေးနွေး အဖြေရှာလို့မရလို့ တိုက်ရတဲ့ကိစ္စကြီးပဲ။ သူတို့နိုင်ငံထဲ မရောက်ရင် ပြီးတာပါပဲ လေ။ အဓိက သူတို့နိုင်ငံထဲရောက်မှာ ကြောက်တာ။
သံလွင်တိုင်းမ် – တရုတ်ရဲ့ တိုက်တွန်းမှုကြောင့် တိုက်ပွဲတွေ ရပ်သွားနိုင်လား၊ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ရှေ့ဆက်ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။
ဒေါက်တာလှကျော်ဇော – အပစ်ခတ်ရပ်စဲရေးဆိုတာ အနှစ်၂၀၊ ၃၀တည်းက လုပ်လာတာ။ KIAဆိုတာ လုပ်ပြီး ကာမှ စစ်အုပ်စုက ပြန်စတိုက်တာ။ အပစ်ခတ်ရပ်စဲရေး အစောကြီးတည်းက လုပ်ထားပြီးပြီ။ KIAက ၈လေးလုံး ပြီးကတည်းက ၉၆လောက်တည်းက အကုန်တောက်လျှောက်လုပ်ထားတာ။ ပြီးလည်းပြီးရော သူတို့က တောင် ပိုင်းကိုတိုက်၊ တောင်ပိုင်းကို ခြေမွှပြီးတော့ KNU ကို ရစရာမရှိအောင် ခြေမွှပြီးမှ မြောက်ပိုင်းပြန်လာတိုက်တာ။ ဘယ်သူက ထောင်ခြောက်ထဲဝင်တော့မလဲ။ တိုက်စရာရှိတာ တိုက်တော့မှာပေါ့။ စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲရေး သူတို့အကြိမ်ကြိမ် လုပ်လာတာပဲ။ လုပ်လို့ မရတာကြီးကို ပိုဆိုးလာစရာပဲ ရှိတယ်။
သံလွင်တိုင်းမ်- နိုင်ငံတဝှမ်း စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ရဲ့ အလာအလားအပေါ် ဘယ်လိုမြင်ပါ သလဲ။
ဒေါက်တာလှကျော်ဇော – စစ်တပ်ကတော့ ပိုပြီး ထိလာမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ စစ်မျက်နှာအများကြီး ဖွင့် ရတာကိုး။ အခုဖွင့်ထားသမျှလည်း သူတို့ချည်းပဲထိနေတာ။ ဟိုနေ့ကလည်း ဇော်မင်းထွန်းကိုယ်တိုင်လည်း ပြော ပြီး ရဲတွေရောတပ်သားတွေရော များများထိတယ်ဆိုတာ ပြောကြတယ်။ ရှေ့လျှောက်လည်း သူတို့လည်း ထိစ ရာပဲ ရှိတာလေ။ တိုက်ပွဲတွေက ပိုပြင်းလာတာ။ အခုလိုအချိန်မှာ မပြင်းလို့လည်း မရဘူး။ တပ်ကလည်း ဖရိုဖရဲ ဖြစ်လာတာကိုး။ အဲဒီအချိန်မှာ တော်လှန်ရေးသမားတွေက စုစုစည်းစည်းနဲ့ တိုက်ဖို့လည်း လိုတယ်။ နာသွား အောင် ဒါမှလည်း တပ်ကနိုင်ငံရေးကနေ နောက်ဆုတ်မှာ။ ဒီအချိန်က အချိန်ကောင်းပဲ။ တော်လှန်ရေးတပ်ဖွဲ့ တွေအနေနဲ့ ဒါကြောင့် စုစည်းပြီးဆက်တိုက်နေတာ။
ဟန်ချက်ညီညီတိုက်ပေါ့။ မြောက်ပိုင်းလည်း တိုက်တယ်။ အရင်တုန်းက စစ်တပ်က မြောက်ပိုင်းမှာ အပစ်ခတ် ရပ်စဲရေးလုပ်ထားပြီး တောင်ပိုင်းကို ဖိတိုက်တယ်။ တောင်ပိုင်းက ကြေမွသွားမှ မြောက်ပိုင်းပြန်တိုက်တတ်တာ မျိုး လုပ်တတ်တာကိုး။ အခုက စစ်ကောင်စီရဲ့ အားနည်းချက်က နဝတတို့ ဖြားယောင်းခဲ့တဲ့နည်းတွေ၊ လှည့်စား တဲ့နည်းတွေ သုံးလို့မရတော့ဘူးလေ။ ပြည်သူတွေက မြင်နေပြီ။ တော်လှန်ရေးသမားတွေက မြင်နေပြီ။ ဒါ ကြောင့် တစ်ပြိုင်နက်တည်း တိုက်လိုက်တာ မှန်တယ်ဒီကိစ္စက။
သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေးအပေါ် ဘာတွေများ အကြံပြုတိုက်တွန်းလိုတာ ရှိမလဲ။
ဒေါက်တာလှကျော်ဇော – စစ်အုပ်စုတိုက်ဖျက်ရေး တော်လှန်ရေး ၆၂ဇူလိုင် ၇ရက်နေ့က စခဲ့တာ။ အခုလောက် တိုက်ညီလက်ညီနဲ့ အောင်ပွဲအဆင့်မရဖူးဘူး။ အောင်ပွဲရဖို့ အခက်အခဲတွေတော့ များမှာပေါ့။ သို့သော် သည်း ခံပြီး ဆက်ပြီးတိုက်ဖို့လိုတယ်။ အခုလိုပဲ တပ်ပေါင်းစုဖွဲ့ပြီးတော့ စုစည်းညီညွတ်နဲ့ ဆက်ချီတက်ဖို့လိုတယ်။ ဝိုင်းထောက်ခံပေးဖို့လည်း လိုတယ်။ ဒါကြောင့် အားလုံးတောင့်ခံထားပြီး ခါးစည်းဆက်တိုက်ကြပါလို့ပဲ ကျွန်မ တိုက်တွန်းချင်ပါတယ်။