ကျိုက်ဒုံ၊အောက်တိုဘာ(၃၁)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားပြီး အရပ်သားတစ်ဦးလည်း အသတ်ခံလိုက်ရတယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့ (SOG)က အောက်တိုဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ တနင်္သာရီတိုင်းအခြေစိုက် စစ်ကောင်စီ စကခ ၁၃၊ ခမရ ၃၅၈ နဲ့ ခမရ ၅၅၈ တပ်ရင်းပူးပေါင်းစစ်ကြောင်းဟာ KNU တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲထဲကို စစ်ကြောင်း ဝင်ရောက်လာလို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

ဒီလို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း ၁၈၊ အထူးစစ်ဆင်ရေးအဖွဲ့(SOG)၊ ဧရာဝတီအင်အားစုတို့အကြား အောက်တိုဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ထီးဝါးကလူးကျေးရွာအနီး ဘုရားတောင်ကုန်းတစ်ဝိုက်မှာ တိုက်ပွဲ ၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၉ နာရီအချိန်မှာလည်း တိုက်ပွဲ ၁ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးပြီး ခမရ ၃၅၈ တပ်က ဗိုလ်မှူးဝင်းရဲထွန်း အပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ SOG က ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်လက်ချက်နဲ့ ကျေးရွာနေပြည်သူ ၁ ဦး သေဆုံးခဲ့ရတယ်လို့ SOG က ထုတ်ပြန်ပြောဆိုပါတယ်။

ကျိုက်ဒုံမြို့နယ်ခွဲ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာနေတဲ့အတွက် လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပြီး တိုက်ပွဲကြောင့် ကျေးရွာအချို့က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – SOG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.