ရေစကြို၊ အောက်တိုဘာ (၁၄)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဟာ ရေလယ်ကျွန်းဒေသ တောင်နဲ့မြောက်ဘက်ခြမ်းကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခံထားရပါတယ်။
“မီးရှို့ခံရတဲ့ ကျေးရွာတွေကို စာရင်းအတိကျမသိရသေးပါဘူး၊ပြည်သူတွေလည်း ထွက်ပြေးတိမ်း ရှောင်နေရတာနဲ့ စစ်ကောင်စီတွေလည်း ရှိနေသေးတာကြောင့် အတည်ပြုလို့မရသေးပါဘူး၊သူတို့ဘက်(စကစ)ဘက် သေတာများတယ်” လို့ Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ နီးပါး ထိခိုက်သေဆုံးထားပြီး သေဆုံးဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို စက်လှေ၊ ဖော့ကားတွေအပြင် လူနာတင် ကားတွေနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးထားသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦးလည်း ကျဆုံးထားတယ်လို့ သိရပါတယ်။
ရေလယ်ကျွန်းတိုက်ပွဲကြောင့် ဒေသခံပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ထဲကို ပြီးခဲ့တဲ့အောက်တိုဘာပထမအပတ်ကတည်းကစပြီး စစ်ကောင်စီတပ်ကနေ အပြင်းအထန် စစ်ကြောင်းထိုးနေတာဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့ကလည်း တာတေ LPDF စခန်းတစ်ခု ဝင်ရောက်စီးနင်းတိုက်ခိုက်ခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF