မုန်း ၊ စက်တင်ဘာ (၁၆)
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲမှာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက စက်တင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်ကစပြီး တိုက်ပွဲမရှိဘဲ KNU မုန်းမြို့နယ်ရှိ ဟော်ခိုဂေါ၊ မယ်တလင်နဲ့ဆင်းပုလဲကျေးရွာထဲကို တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ် ၃ စီးနဲ့ ၁၃ ကြိမ် လာရောက်ပစ်ခတ်သွားတာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဟော်ခိုဂေါ၊ ဝိုင်းကြီး၊ ဆင်းပုလဲ၊ လူအရွာ၊ မယ်တလင်နဲ့ ထွာနီကုန်းကျေးရွာရှိ အိမ်ထောင်စု ၉၄၇ စု၊ လူဦးရေစုစုပေါင်း ၅၂၉၅ ဦးဟာ နေရပ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာ နေရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူလူထုထိခိုက်မှုမရှိဘဲ နေအိမ်အဆောက်အဦးတွေ ပျက်စီး ဆုံးရှုံးမှုများစွာရှိပေမယ့် ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းအတိအကျ ကောက်ယူနိုင်ခြင်း မရှိသေးပါဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မိုးတွင်းကာလဖြစ်တာကြောင့် မုန်းမြို့နယ် ရန်မျိုးအောင်ကျေးရွာနဲ့ တမောကျေးရွာတို့က အိမ်ထောင်စု ၃၆ စုဟာ ရေကြီးရေလျှံမှုဘေးဒဏ် ခံစားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ဘေးနဲ့သဘာဝဘေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊နေရာထိုင်ခင်း အမိုးအကာတွေ စတဲ့ အရေးပေါ် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူညီလိုအပ်လျက်ရှိတယ်လို့ KNU က အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU