မော်လမြိုင်၊ သြဂုတ်(၃၁)

စက်သုံးဆီအပါအဝင် ရေသန့်ထုတ်လုပ်ရာမှာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်လာတာကြောင့် ၂၀ လီတာ ရေသန့်တစ်ဘူးကို ကျပ် ၁၀၀၀ အထိ တိုးမြှင့်သတ်မှတ်တယ်လို့ မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း တဖြည်းဖြည်းမြင့်တက်လာတဲ့ ရေသန့်ဈေးဟာ ပြီးခဲ့တဲ့မတ်လတုန်းက ရေသန့်တစ်ဘူးကို ကျပ် ၇၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ရာကနေ အခုအခါမှာတော့ တစ်ဘူးကို ကျပ် ၁၀၀၀ အထိ ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ရေသန့်ဈေးနှုန်းကို မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်တွေရဲ့ ညှိနှိုင်းသဘောတူညီမှုအရ စက် တင်ဘာ ၁ ရက်နေ့စပြီး ရေသန့်တစ်ဘူးကို ကျပ် ၁၀၀၀ နဲ့ စတင်ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်တစ်ဦးကတော့ ရေသန့်ထုတ်လုပ်ရာမှာ အထွေထွေကုန်စရိတ်ကြီးမြင့်တာနဲ့ ရေသန့်အလုပ်သမားတွေကို ထိုက်သင့်တဲ့ လစာတိုးပေးဖို့ ဈေးနှုန်းတိုးမြှင့်ရတာလို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေက အဆမတန်တက်တယ်လေ။ ဆီဈေးတွေလည်း တက်တယ်၊ တခြားကုန်ပစ္စည်း ဈေးတွေရော အကုန်လုံးတက်လို့ ကျွန်တော်တို့ ဒီရေသန့်လုပ်ငန်းရှင်တွေ အကုန်လုံးတိုင်ပင်ပြီးတော့ ဒိုင်ဈေးကို (၉၀၀) ပေါ့။ အိမ်အရောက်ပို့တာက (၁၀၀၀) ဆိုပြီးတော့ ကရင်ပြည်နယ်မှာလည်း (၁)ရက်နေ့က စတင်မယ်ဆိုတော့ သူတို့ရေသန့်လုပ်ငန်းရှင်တွေ အချင်းချင်းညှိပြီးတော့ အဲဒီလိုတက်တာပါ။ လူတွေအကုန်လုံးက နေ့စဉ်သောက်သုံးနေကြတာဆိုတော့ ကျွန်တော်တို့ကလည်း မတက်ချင်ပါဘူး။ ရေသန့်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေက ဒီ(၁)လီတာတို့ (ဝ.၆)တို့ ဘာတို့ဆို ကုန်ကြမ်းပစ္စည်းကအစ ဟိုတုန်းကဆို တစ်ပေါင်ကို (၅၀၀၀)၊ (၆၀၀၀) ကနေပြီးတော့ အခု(၁၀၀၀၀)ကျော်အထိ ဖြစ်လာတော့ ဘယ်လိုမှမတက်လို့ မကိုက်တော့တဲ့ အနေအထားဖြစ်လို့ ရေသန့်လုပ်ငန်းရှင်များ အကုန်လုံးညှိနှိုင်းပြီးတော့ ဒီလောက်ဈေးတော့တက်မှ အဆင်ပြေမယ်။ နောက်တစ်ခုက အလုပ်သမားတွေအတွက် ထိုက်သင့်တဲ့လစာတိုးပေးဖို့ပေါ့။ သူတို့လည်း မလုံလောက်တော့တဲ့အတွက် အဲဒီလိုမျိုးလုပ်ပြီးတော့ ညှိပြီးတော့မှ ဒီဈေးနှုန်းလောက်တော့ ရောင်းကြမယ်ဆိုပြီးတော့ အဲဒီအတိုင်းလုပ်တာပါ”လို့ ဆိုပါတယ်။

ရေသန့်ဈေးနှုန်းတိုးမြှင့်ရာမှာ ၂၀ လီတာဗူး တစ်မျိုးတည်းမဟုတ်ဘဲ ကျန်တဲ့ ၁ လီတာဘူးအပါအဝင် တခြားဆိုဒ်စုံဘူးတွေကိုလည်း တစ်ကဒ်လျှင်အနည်းဆုံး ကျပ် ၃၀၀ ကနေ ကျပ် ၅၀၀ အထိ တိုးမြှင့် ရောင်းချသွားမယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေချိန်မှာ ရေသန့်ကအစ ဈေး နှုန်းမြင့်တက်လာတဲ့အတွက် ကိုယ့်ရေတွင်းက ရေကိုပဲကျိုသောက်ရတော့မယ့် အခြေအနေဖြစ်နေရတယ်လို့ ပြောပါတယ်။

“စားဖို့တောင်အနိုင်နိုင်လေ လူတွေက။ အခုကရေတစ်ဘူး(၁၀၀၀)တဲ့။ မနက်ကမှသိတယ်။ ကိုယ့်ရေ တွင်းက ရေပဲရေနွေးပဲကျိုသောက်ကြတော့ပေါ့။ ဟင်းချက်စရာဖိုးတောင်ရတယ်လေ ရေတစ်ဘူးတန် ဖိုးက။ ပထမကတော့ (၇၀၀) ဆိုတော့ ဝယ်သောက်ကြတယ်။ အခုကျတော့ (၁၀၀၀) ဆိုတော့ နည်းနည်းနောက်တွန့်ဆုတ်ကြပြီးပေါ့။ ရေတွင်းကရေပဲ ခပ်ပြီးတော့ ပုံးထဲထည့်သောက်တော့မယ်တဲ့ တ ချို့ကတော့။ ကုန်ဈေးနှုန်းတွေကလည်း အကုန်တက်၊ မိုးတွင်းကျတော့ အလုပ်ပါး အလုပ်လုပ်လို့ မရတော့ ဒုက္ခရောက်ကျတာပေါ့၊ တချို့လူတွေဆို စားဖို့တောင်မရှိဘူး”လို့ ဆိုပါတယ်။

ရေသန့်စက်ရုံတွေဟာ စစ်ကောင်စီလက်ထက် လျှပ်စစ်မီးမမှန်တာကြောင့်လည်း စက်ရုံတွေကို မီးစက်ကြီးတွေနဲ့လည်ပတ်နေရတဲ့အတွက် ကုန်ကျစရိတ်မြင့်မားတာနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေရတယ်လို့ ရေသန့်လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ရေသန့်ဈေးနှုန်းဟာ အာဏာမသိမ်းမီ ၂၀ လီတာ ရေသန့်တစ်ဗူးကို ကျပ် ၃၀၀ ဝန်းကျင်သာရှိခဲ့ရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ် ၅၀၀ ၊ ကျပ် ၇၀၀ မှတဆင့် ကျပ် ၁၀၀၀ ဈေးနှုန်းထပ်မံမြင့်တက်လာတာပါ။

မော်လမြိုင်မြို့နယ်မှာ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ လုပ်ငန်း ၁၀ ခုထက်မနည်း ရှိနေပြီး နေ့စဉ်ရပ်ကွက်အလိုက် မော်တော်ကားတွေနဲ့ လိုက်လံဖြန့်ဖြူးရောင်းချပေးနေတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.