ကျိုက်ထို၊ သြဂုတ်(၃၁)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကညင်ချောင်းကျေးရွာမှာ သြဂုတ် ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကညင်ချောင်းကျေးရွာနေ ဒေသခံအမျိုးသား၂ ဦးဟာ ကျေးရွာအနီးရှိ တောထဲမှာ မျှစ်ချိုးဖို့သွားစဉ် အသက် ၃၀ အရွယ် ကိုအောင်ဆန်းဦးဟာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် ကိုအောင်ဆန်းဦးဟာ ညာဘက်ခြေထောက် ခြေသလုံးပြတ်လုနီးပါးဖြစ်ခဲ့ရပြီး ဘယ်ခြေဖမိုးပေါက်ပြဲဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကိုအောင်ဆန်းဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီနဲ့ သထုံခရိုင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေပါတယ်။

ကညင်ချောင်းကျေးရွာဟာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့ စစ်ရေးလှုပ်ရှားတဲ့ဒေသလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းနဲ့ညင်အိုင်ကျေးရွာကြားမှာ နွား ကျောင်းထွက်လာတဲ့ အသက် ၁၂ အရွယ် မောင်အေးချမ်းသခင် မြေမြှုပ်မိုင်းနင်းမိတာကြောင့် အခင်း ဖြစ်ရာနေရာမှာပဲ သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.