မူဆယ် – ဩဂုတ်(၃၀)

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တို့မှာ တအာင်းတပ်မတော်(TNLA) နဲ့ စစ်ကောင်စီတပ်တွေထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့ တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ TNLA အခြေစိုက်ထားတဲ့ လွယ်တယ်မိန်းတောင် ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် နားထန်နဲ့ စယ်လန်းရွာအနီးမှာ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့သလို ကွတ်ခိုင်မြို့နယ် လွယ်နောဖောင်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ လည်း ခိုမုန်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၉) ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီး အချက်ပေါင်း(၆၀) ကျော်ပစ်ခတ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စယ်လန့်ကျေးရွာဒေသခံတွေရဲ့ နေအိမ် တွေပျက်စီးခဲ့ပြီး လူထိခိုက်မှုတွေရှိခဲ့တဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရတာတွေ လည်းရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် TNLA ဘက်က စယ်လန့်စစ်စခန်းနဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA) တို့ဟာ ပြီးခဲ့တဲ့ဇူလိုင်လထဲက တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ဩဂုတ်လအတွင်းမှာတော့ ထိတွေ့မှု(၁၈) ကြိမ်အထိရှိထားကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများနေတယ်လို့ သိရပါတယ်။

လက်တလော မြေပြင်တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်အနေနဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် နှစ်ဘက်လုံးက ပြန် လည်ဖြေကြားတာတော့ မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.