ရန်ကုန်၊ သြဂုတ်(၃၀)

စစ်မျက်နှာအားလုံးမှာ မဟာဗျူဟာကျကျနဲ့ စွမ်းဆောင်နိုင်မှသာ ပြည်သူလူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖန်တီးပေးနိုင်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်ပါတယ်။

သြဂုတ် ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ၂၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုသတိပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယာယီသမ္မတဒူဝါလရှီးလက မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်ကောင်စီဟာ လေကြောင်းအင်အားကိုအသုံးချပြီး အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေနဲ့အတူ ကျေးရွာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမှာ ရန်သူကိုပိုပြီးအထိနာဖို့ဆိုရင် စစ်ရေးတစ်ခုတည်းမဟုတ်ဘဲ စစ်မျက်နှာမျိုးစုံဖွင့်ပြီး တိုက်ပွဲဝင်ရမှာဖြစ်သလို ဘဏ္ဍာရေးနဲ့ နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍတွေဟာ တော်လှန်ရေးရဲ့အရေးပါတဲ့ စစ်မျက်နှာတွေဖြစ်တယ်လို့ သတိပေးခဲ့တာပါ။

ဒါ့အပြင် အမေရိကန်အစိုးရရဲ့ စစ်ကောင်စီအပေါ် ဘဏ္ဍာရေး၊ လောင်စာဆီကဏ္ဍတွေနဲ့ ပတ်သတ်ပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့ ကန့်သတ်မှုတွေဟာ ရန်သူစစ်ကောင်စီအတွက် အထိနာအကျပ်အတည်းဆိုက်တဲ့ အခြေအနေကို သိသာထင်ရှားစွာ ရောက်ရှိနေပြီလို့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

အဲဒီအစည်းအဝေးအတွင်းမှာ ယာယီသမ္မတက အရှေ့တီမောသံအမတ်နဲ့ မိသားစုတွေကို နှင်ထုတ်တဲ့လုပ်ရပ်ဟာ နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီအတွက်အရှက်ရစေပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ စစ်အုပ်စုရဲ့နှင်ထုတ်ခံရတဲ့ အရှေ့တီမောသံအမတ်နဲ့ မိသားစုတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း အလေးထားပြောကြားခဲ့ပါတယ်။

NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြည်ထဲရေးနဲ့ လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ပြည်ပမွေးတိုးလက်မှတ်ထုတ်ပေးရာမှာ ဝန်ဆောင်စရိတ်အဖြစ်ကောက်ခံနေတဲ့ အမေရိကန်ဒေါ်လာ ၁၀ ဒါမှမဟုတ် အဲဒီငွေပမာဏနဲ့ညီမျှတဲ့ ကျပ်ငွေပေးသွင်းစေခြင်းအား ဖြေလျော့ပေးနိုင်ရေးကိစ္စတင်ပြတာ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက Federal Democracy Charter Promotion တင်ပြတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.