ရေး၊ သြဂုတ်(၂၀)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ခိုးဆိုးလုယက်မှုတွေ ပိုမိုဆိုးဝါးလားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခိုးဆိုးလုယက်မှုတွေဟာ ညပိုင်းသာမက နေ့ခင်းကြောင်တောင် အချိန်တွေမှာလည်း နေအိမ်တွေထဲ ဝင်ရောက်ဖောက်ထွင်းခိုးယူတာ၊ သေနတ်ထောက်ပြီး ဆိုင်ကယ်လုယက်မှုတွေလည်း နေ့စဉ်ဆိုသလို ဖြစ်ပွားနေပါတယ်။

အဲဒီခိုးဆိုးလုယက်မှုတွေဟာ ပြီးခဲ့တဲ့ဇူလိုင်လကစပြီး အဖြစ်များလာသလို ဆိုင်ကယ်ခိုးယူလုယက်မှုတွေအပါအဝင် စာသင်ကျောင်း၊ လူမှုရေးအဖွဲ့ အစည်းတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူမှုတွေ ရှိလာတာပါ။

ခိုးယူလုယက်သူတွေဟာ နေအိမ်တွေအတွင်း ဝင်ရောက်ဖောက်ထွင်းရာမှာ တန်ဖိုးရှိပစ္စည်းတွေအပြင် လျှပ်စစ်မော်တာ၊ မီးကြိုးကအစခိုးယူတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ခိုးမှုနဲ့လုယက်မှုကျူးလွန်သူတွေဟာ နေအိမ်တွေနဲ့ ဆိုင်တွေထဲကို ရုတ်တရက်ဝင်ရောက်လာပြီး ခိုးယူတာတွေရှိနေသလို လူပြတ်တဲ့နေရာတွေမှာ သေနတ်ထောက်လုတာ၊ ဓားထောက်လုယက်တာနဲ့ ဆိုင်ကယ်လုယက်တာတွေရှိနေတာကြောင့် ပြည်သူတွေဟာ သတိထားသွားလာနေကြရတယ်လို့ ဆိုပါတယ်။

ညမထွက်ရ အမိန့်ကြေညာထားပေမယ့် ခိုးဆိုးလုယက်သူတွေဟာ ညတိုင်းလိုလို လှည့်လည်သွားလာနေတာတွေရှိပေမယ့် စစ်ကောင်စီဘက်က ထိထိရောက်ရောက်မကိုင်တွယ်နိုင်တဲ့အတွက် ပြည်သူတွေဟာ တိုင်ကြားတာတွေမလုပ်ဘဲ ကိုယ်တိုင်ဂရုစိုက်နေထိုင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ရေးမြို့နယ်အတွင်း ခိုးဆိုးလုယက်မှုတွေ တစ်နေ့ထက်တစ်နေ့ ခပ်စိပ်စိပ်ပိုဖြစ်လာပေမယ့် စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ဖော်ထုတ်အရေးယူနိုင်တာ မတွေ့ရသေးပါဘူး။

လက်နက်ကိုင်ခုခံတော်လှန်စစ် အားကောင်းတဲ့ ရေးမြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေးကြေညာထားသလို ဒေသတွင်းမှာလည်း ဒေသန္တရအမိန့်ထုတ်ပြန်ပြီး လုံခြုံရေးအထူးတင်းကျပ်ထားတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.