ကြာအင်းဆိပ်ကြီး၊ သြဂုတ်(၁၉)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ အထိုင်ချထားတဲ့ ရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သြဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်က စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်နေရတဲ့ စစ်ကောင်စီရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုကိုမူ စုံစမ်းဆဲဖြစ်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ခလယ်တံခွန်တိုင်ရဲစခန်းဟာ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဝင်းရေးမြို့နယ်ထဲ တည်ရှိနေတာဖြစ်ပြီး အာဏာသိမ်းကာအတွင်း ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်ကောင်စီတပ်ဘက်က လုံခြုံရေးလာယူထားရတာပါ။

ခလယ်တံခွန်တိုင်ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က မကြာခဏဆိုသလို လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် စနိုက်ပါတွေနဲ့ပါ ချောင်းမြောင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံး များပြားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.