မော်လမြိုင်၊ သြဂုတ်(၁၅)

ဝန်အားပျောက်ဆုံးမှု အကြောင်းပြချက်နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ ထွန်းထားတဲ့ လမ်းမီးတွေကို စစ်ကောင်စီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကနေ လိုက်လံ ဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ရပ်ကွက်ကျေးရွာတချို့ရှိ လမ်းကြိုလမ်းကြားတွေမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို အကြောင်းကြားထားခြင်းမရှိဘဲ တရားမဝင်လမ်းမီးတွေ တပ်ဆင်အသုံးပြုမှု စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

တရားမဝင်လမ်းမီးတွေ အလွန်များပြားနေတာကြောင့် ယူနစ်ပျောက်ဆုံးမှု သက်သာစေရေးအတွက် တရားမဝင်လမ်းမီးတွေကို နေ့စဉ်သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေထံ အကြောင်းကြားပြီး ဖြုတ်သိမ်းသွားမယ်လို့ သြဂုတ်ဒုတိယအပတ်မှာ ထုတ်ပြန်လာပါတယ်။

အဲဒီညွှန်ကြားစာ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ဝန်ထမ်းတွေဟာ ကိုယ်ထူကိုယ်ထ တပ်ဆင်ထားတဲ့ လမ်းမီးတွေကို လိုက်လံဖြုတ်သိမ်းတာတွေ လုပ် ဆောင်လာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အခုဆိုရင် တချို့အိမ်တွေက ဘာလုပ်လဲဆိုတော့ အိမ်ရှေ့တွေမှာ မီးလုံးတွေပိုထွန်းနေရတယ်။ သူတို့က မီးတိုင်တွေကို လာပြီးတော့ဖြုတ်သွားတာတွေ ရှိတယ်။ ဘယ်လိုအကြောင်းပြလဲဆိုတော့ မီးကြိုးရှော့ဖြစ်တယ်တို့၊ မီးကြိုးတွေများနေတယ်တို့ ပြောပြီးတော့ အဲဒီလမ်းမီးတွေကို တမင်တကာ ဖြုတ်သွားတာတွေ လုပ်တယ်ပေါ့။ အဲဒါတွေကတော့ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ အလုပ်ပဲလေ။ လိုတာထက် ပိုခက်ခဲလာပြီလေ။ ကိုယ်ထူကိုယ်ထလည်း မီးလုံးဝယ်ထည့်လို့မရဘူး။ မီးလည်းတပ်ဆင်လို့မရဘူး၊ အမှောင်တွေ ဖုံးလွှမ်းလာပြီး၊ ဒါကအမှောင်ထဲမှာ လုပ်စားတဲ့သူတွေ အားရကျေနပ်မှာလေ။ ပြည်သူလူထုကတော့ ဘယ်လိုလုပ် စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူနိုင်မလဲ။ သူ့အိမ်မလုံခြုံတော့ဘူး။ ရပ်ကွက်မလုံခြုံတော့ဘူး။ မိသားစု မလုံခြုံတော့ဘူး။ ညရေးညတာ အရေးအကြောင်းရှိလို့ အပြင်ထွက်ရမယ်ဆိုရင် ဒုက္ခရောက်တယ်။ စိုးရိမ်စိတ်တွေက တအားပိုလာပြီး၊ သူတို့အဲဒီလိုမျိုးလုပ်တာက ဆိုးကျိုးဖြစ်အောင်ပဲ တမင်တကာ ဖန်တီးလုပ်ဆောင်နေတယ်လို့ပဲ မြင်တယ်”လို့ ဆိုပါတယ်။

မော်လမြိုင်မြို့နယ် ရပ်ကွက်၊ ကျေးရွာတွေကို ပြည်သူတွေဟာ ညပိုင်းတွေမှာ လမ်းသွားလာရလွယ် ကူစေဖို့ လုံခြုံမှုရှိစေဖို့နဲ့ ခိုးဆိုးလုယက်မှုတွေ မဖြစ်ပွားစေဖို့အတွက် ရပ်ကွက်တွေအတွင်း လမ်းမီးတွေ သွယ်တန်းပြီး ထွန်းလင်းထားတာ ဖြစ်ပါတယ်။

ရပ်ကွက်တွေအတွင်းက လမ်းမီးတွေဟာ အရင်ကကိုယ်ထူကိုယ်ထနဲ့ လုပ်ကိုင်ကြတာဖြစ်ပြီး အခုလို လမ်းမီးတွေ လိုက်လံဖြုတ်သိမ်းလာတာကြောင့် သွားရေးလာရေးအပြင် သူခိုးဓားပြရန်တွေပါ ကြောက်နေရတယ်လို့ မြို့ခံတစ်ဦးက ထပ်ပြောပါတယ်။

“အရင်က ဆိုရင်တော့ ကိုယ်ထူကိုယ်ထပေါ့။ တစ်လမ်းမှာတစ်အိမ် ဘယ်လောက်စိုက်။ အဲဒီလိုမျိုး ဓာတ်မီးတိုင်မှာ မီးထည့်လိုက်တယ်။ လမ်းတွေသာယာလှပသွားတယ်၊ လမ်းလင်းသွားတော့ နေရထိုင်ရတာ အဆင်ပြေတယ်။ သူခိုးဓါးပြရန်တွေ မကြောက်ရဘူး။ အခါတိုင်းလည်း ဒီလမ်းမီးတွေကသုံးနေတာပဲ။ အရင်အစိုးရလက်ထက်မှာလည်း ပေးနေတာပဲ။ အားလုံးက လုံလောက်ပါတယ်။ သူ့လက်ထက်ကျမှ မလုံလောက်ဘူးဆိုတော့ တော်တော်လေးကို အဆင်မပြေပါဘူး။ သူခိုးဓါးပြရန်က ဒီအတိုင်းတောင်မှ အခုသူအုပ်ချုပ်တဲ့ အနေအထားမှာ ဒီအတိုင်းတောင် ဘယ်လိုမှစိတ်မချရတဲ့ အနေ အထားပေါ့။ အခုလမ်းမီးတွေဘာတွေ မရှိတော့ဘူးဆိုတော့ တိုင်းပြည်က ဘယ်လိုမှကိုယ့်အိမ်မှာ ကိုယ်နေတောင် လုံခြုံမှုမရှိတော့ဘူးပေါ့။ နောက်ပြီးတော့ အိမ်ထဲကအိမ်ပြင်ပါ မထွက်ရဲတဲ့ဘဝ အဲဒီလို အခြေအနေမျိုး ဖြစ်သွားနိုင်တာပေါ့နော်”လို့ ဆိုပါတယ်။

မော်လမြိုင်မြို့နယ်အတွင်း လမ်းမီးတွေကို စစ်ကောင်စီက ယူနစ်ပျောက်ဆုံးမှု အကြောင်းပြချက်နဲ့ လိုက်လံဖြုတ်သိမ်းမှုအပေါ် ဒေသခံပြည်သူလူထုအကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

မော်လမြိုင်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကတော့ မိမိတို့ ရပ်ကွက်တွေအတွင်း လမ်းမီးအတွက် မီတာတွေတပ်ဆင်လိုပါက လျှပ်စစ်ရုံးနဲ့စည်ပင်ရုံးကို ဆက်သွယ်အကြောင်းကြားပြီး ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တဖက်မှာတော့ မော်လမြိုင်ပြည်သူတွေဟာ နွေရာသီကာလထက် လက်ရှိမိုးတွင်းကာလအတွင်း လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်မှုနဲ့ ကြုံနေရတာပါ။

လျှပ်စစ်မီးဆိုးဆိုးရွားရွား ပြတ်တောက်လာတာကြောင့် ကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင် လူမှုဒုက္ခ အခက်အခဲကိုပါ ထပ်မံရင်ဆိုင်လာရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-သာသနာနွယ်လူမှုကွန်ရက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.